တနင်္သာရီရှိ ကုန်သွယ်ရေးလမ်းပိုင်းများကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ပြန်သွားခွင့်ပြု

By ကိုရွှေမြိတ် (မဇ္ဈိမ)
30 April 2023
တနင်္သာရီရှိ ကုန်သွယ်ရေးလမ်းပိုင်းများကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ပြန်သွားခွင့်ပြု

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ မြိတ်- တနင်္သာရီ-ဘုတ်ပြင်းနှင့် ထုံခါ-မောတောင် လမ်းပေါ်ရှိ နယ်စပ် ကုန်သွယ်ရေး လမ်းပိုင်းကို နှစ်ဖက် တိုက်ပွဲများကြောင့် ယာယီပိတ်ထားရာမှ ဧပြီလ ၂၉ ရက်တွင် ပြန်လည် သွားလာခွင့် ပေးလိုက်ပြီး ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ လမ်းပိုင်းတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ ဧပြီလ အတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့၍ ပြည်သူများ ထိခိုက်မှုများ ရှိနိုင်သောကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယာယီ သွားလာခွင့် ပိတ်ထားခြင်းဖြစ်သည်။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက“ဟုတ်ပါတယ်။ မနေ့က ကျွန်တော်တို့ စာထုတ်ပြီး ပြန်လည် သွားလာခွင့် ပြုလိုက်တာ ဖြစ်တယ်။ အဓိက ကတော့ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိတဲ့ ရွာတွေမှာ ကုန်စျေးနှုန်းတွေကို ပြန်လည် ထိန်းညှိနိုင်ရန် အတွက် ဖြစ်တယ်”ဟု ပြောသည်။

သို့သော် ခရီးသွား ပြည်သူများ အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်း အချက်အတိုင်း လိုက်နာ သွားလာရန်လည်း ထုတ်ပြန်တွင် ရေးသားဖော်ပြထား သည်။

ယင်း စည်းကမ်းချက်များထဲတွင် နံနက် ၅ နာရီမှ ည ၇ နာရီ အချိန်အတွင်းသာ ခရီးသွားလာရန်၊ စစ်ကောင်စီ တပ်ဖွဲ့နှင့် သက်ဆိုင်သော ယာဉ်တန်း၊ တပ်ရင်းနှင့် ဂိတ်စခန်းတို့တွင် အနီးကပ် သွားလာခြင်း မပြုလုပ်ရန်၊ စစ်ကောင်စီ တပ်၏ လက်နက်၊ ခဲယမ်းများကို သယ်ဆောင်ပေးခြင်း မပြုရနှင့် PDF တပ်ဖွဲ့ဝင်များရဲ့ စစ်ဆေးမှုကို ခံယူရန် စသည့် အချက်များ ပါဝင်ကြောင်း ထုတ်ပြန်ချက် အရ သိရ သည်။

ထို လမ်းပိုင်း ယာယီပိတ်ထားသည့် အချိန် အတွင်း မောတောင် နယ်စပ်ဂိတ်တွင် အခြေခံ စားသောက်ကုန်များနှင့် ဓာတ်ဆီစျေး သည် ပုံမှန် ထက် သုံးဆခန့် မြှင့်တက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

တနင်္သာရီ-မောတောင် လမ်းပိုင်းရှိ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူရွာ အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သည့် အခုလ ဧပြီလ ၂၈ ရက်နေ့က ပြန်လည် ဆုတ်ခွာ သွားခဲ့၍ ထိုလမ်းပိုင်းများတွင် ပြန်လည်သွားလာခွင့် ပြုခဲ့ခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ် သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြို့လည်း ဖြစ်ပြီး နောက် စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဒေသလည်း ဖြစ်ပြီး တိုက်ပွဲကြောင့် ကျေးရွာ အချို့တွင် ထွက်ပြေး တိမ်းရှောင်နေရ၍ စစ်ဘေးရှောင် ပြည်သူ ၁၀,၀၀၀ နီးပါးလည်း ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့များထံက သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#နယ်စပ်ကုန်သွယ်ရေးလမ်း

#တနင်္သာရီတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly