မြင်းခြံတွင် ဘုန်ကြီးကျောင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် ၈ ဦး သေဆုံး

By မောင်ခက်နွေ (မဇ္ဈိမ)
30 April 2023
မြင်းခြံတွင် ဘုန်ကြီးကျောင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် ၈ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ်(၆) လေးအိမ်တန်းရွာ၊ ရွှေညောင်ပင်ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဧပြီလ ၂၉ ရက်နေ့က တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးခဲ့ကြောင်း မြင်းခြံတပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြော သည်။

နံနက် ၄ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းဆို သည်။ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ အရာရှိတစ်ဦးပါဝင်ကြောင်း မြင်းခြံ တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ထိခိုက်ကျဆုံးတဲ့ထဲမှာ အရာရှိတစ်ယောက်ပါတယ်။ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေတယ်။ ရှစ်ဦး သေတယ်၊ အပြင်းအထန်ဒဏ်ရာရတာကတော့ ငါးဦးရှိတယ်။ ဘယ်တပ်မှန်း ခန့်မှန်းလို့မရဘူး။ ဘာလို့လဲ ဆိုတော့ သူတို့က ရေတပ်ဝတ်စုံတွေဝတ်လိုက်၊ ကြည်းတပ်ဝတ်စုံတွေဝတ်လိုက်နဲ့မို့။ အင်အားက ၂၅ ယောက်လောက်တော့ရှိတယ် ” ဟု မြင်းခြံ တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သည် ဂိတ်ကြေးကောက်ခံခြင်းနှင့် ခရီး သွားပြည်သူများကို ရိုက်နှက်ခြင်းများပြုလုပ်သည့်အပြင် မျိုးစုံ ဒုက္ခပေးနေကြောင်း ၎င်းကဆိုသည်။

ယခုတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၁)မှ Burmese Guerrilla Force-BGF ကျေးရွာတပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း

#မြင်းခြံတပ်ရင်း(၃)

#ကျေးရွာတပ်ပေါင်းစု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly