လှူဒါန်းထားသည့် သင်္ဘောများကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေခြင်းအတွက် ဂျပန်က ကန့်ကွက်

လှူဒါန်းထားသည့် သင်္ဘောများကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေခြင်းအတွက် ဂျပန်က ကန့်ကွက်

ဖွံ့ဖြိုးရေး အကူအညီ စီမံကိန်းမှတစ်ဆင့် မြန်မာနိုင်ငံအတွက် လှူဒါန်းထားသော ခရီးသည်တင် သင်္ဘောသုံးစင်းကို စစ်ကောင်စီက စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနေကြောင်း တွေ့ရှိပြီးနောက်တွင် ဂျပန်နိုင်ငံသည် တရားဝင် မကျေနပ်ကြောင်း အရေးဆိုထားသည်ဟု Asahi Shimbun သတင်းဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရသည်။

ဂျပန် တရားဝင် ဖွံ့ဖြိုးရေး အကူအညီ ODA မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်အတွင်းက သင်္ဘောနှစ်စင်းနှင့် ၂၀၁၉ အတွင်း တစ်စင်း လှူဒါန်းထားခြင်းဖြစ်ကာ ODA မှ မည်သည့် ထောက်ပံ့မှုကိုမျှ စစ်ရေးအရ အသုံးမပြုနိုင်ကြောင်း ထိုသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သင်္ဘောများမှာ အရပ်သား ခရီးသည်များအတွက် အသုံးပြုရန်သာ ဖြစ်သော်လည်း ၂၀၂၂ စက်တင်ဘာလအတွင်း ဌာနေမီဒီယာများ၏ ဖော်ပြချက်၌ ယင်းအချိန်တွင် ထိုသင်္ဘောများကို စစ်ကောင်စီ တပ်များနှင့် လက်နက်များအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရာ၌ အသုံးပြုနေကြောင်း သိရသည်။

ODA ၏ စည်းမျဉ်းများကို ထပ်၍ ချိုးဖောက်လိမ့်မည်မဟုတ်ဟု မြန်မာက ဂျပန်ကို အာမခံခံထားကြောင်း Asahi Shimbun က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required