မယ်ခါးထာ့စခန်း ပြန်ရရေး စစ်ကောင်စီအပြင်းအထန်ကြိုးပမ်းနေ 

By YT (မဇ္ဈိမ)
29 April 2023
မယ်ခါးထာ့စခန်း ပြန်ရရေး စစ်ကောင်စီအပြင်းအထန်ကြိုးပမ်းနေ 

ကရင်အမျိုးသားအစည်းအရုံး (KNU ) တပ်မဟာ (၅) နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်)၊ သံလွင်မြစ်ကမ်းနားဘေးရှိ မယ်ခါးထာ့စခန်းအား ပြန်လည်ရယူရန် စစ်ကောင်စီတပ်က ကြိုးပမ်းလျက်ရှိကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့နှင့် မြေပြင်သတင်းအရင်းအမြစ်များကပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က တပ်မဟာ (၅) KNLA၊ Force For Federal Democracy- FFD ပူးပေါင်းတပ်ဖွဲ့မှ သိမ်းယူထားခဲ့သော မယ်ခါးထာ့စခန်းအား ပြန်လည်ရယူရန်အတွက် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲခြင်း၊ မြေပြင်တွင် စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းတို့ ပြုလုပ်နေကြောင်းဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

" မယ်ခါးထာ့ စခန်းပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ လေယာဥ်သုံးပြီး တစ်နေ့ တစ်ကြိမ်နှစ်ကြိမ် လာပစ်တာရှိတယ်။ မြေပြင်မှာတိုက်ပွဲတွေတော့ဖြစ်တယ် "ဟု K ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

စစ်ကောင်စီတပ်သည် မယ်ခါးထာ့စခန်းနှင့် အနီးတစ်ဝိုက်ပတ်ဝန်းကျင်အား လေယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး မြေပြင်တွင်လည်း မယ်ခါးထာ့စခန်းကုန်းပေါ်သို့ စစ်ကြောင်းထိုးနေသည်ဟုသိရသည်။ ဧပြီလ ၂၆ရက်တွင် စစ်ကောင်စီမြေပြင်စစ်ကြောင်းနှင့်KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  KNLA ဘက်မှ ထောင်ထားသော မိုင်းထိ၍ စစ်ကောင်စီ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

"တနေ့က( ဧပြီလ ၂၆ ရက်နေ့) စစ်ကောင်စီတပ်ဘက်က စခန်းပြန်ရောက်တယ်။ တိုက်ပွဲလည်းဖြစ် မိုင်းလည်းထိတော့ ထိခိုက်ဒဏ်ရာရရှိပြီး အနီးပတ်ဝန်းကျင်သို့ ပြန်ဆုတ်သွားပြန်တယ်။ အခုတော့ စခန်းနဲ့ မလှမ်းမကမ်းမှာဘဲရှိနေပါသေးတယ်" ဟု  ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။ 

တပ်မဟာ (၅) ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးကလည်း မယ်ခါးထာ့စခန်းအနီးသို့ရောက်လာခဲ့သော စစ်ကောင်စီအင်အား ၁၅၀ ဝန်းကျင်သည် တပ်မဟာ (၅) KNLA ပူးပေါင်းတပ်ဖွဲ့​၏ ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်း၊ မိုင်းနင်းမိခြင်းတို့ကြောင့် လယ်တိုးစစ်ကောင်စီစခန်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ဆိုသည်။

"မယ်ခါးထာ့စခန်းကို အင်အား ၁၅၀ခန့် ပြန်ရောက်နေပြီး စခန်းကုန်းပေါ်တော့ မတက်ရဲကြဘူး။ တက်သွားလို့ မိုင်း သုံးယောက် လေးယောက်ထိပြီးပြီ။ ဒရုန်းနဲ့တိုက်ခံရတာလည်းရှိတယ်။ အခုတော့ လယ်တိုးဘက် ပြန်ဆုတ်ကုန်ပြီ" ဟု ပြောသည်။ 

စစ်ကောင်စီက မယ်ခါးထာ့စခန်းအား ပြန်လည်ရယူရေးအတွက် မြေပြင်၊ ဝေဟင်မှ တိုက်ခိုက်မှုများဖြင့် အပြင်းအထန် ကြိုးပမ်းလာမှုအပေါ် အတတ်နိုင်ဆုံး ပြန်လည်ခုခံသွားမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။  

မယ်ခါးထာ့စခန်းသည် စစ်တပ်က၁၉၉၅ ခုနှစ်ကတည်းက  အင်အားအလုံးအရင်းဖြင့် သိမ်းယူအထိုင်ချထားသော စခန်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် တပ်မဟာ (၅) KNLA၊ Force For Federal Democracy- FFD ပူးပေါင်းတပ်ဖွဲ့မှ ၄၅ မိနစ်အတွင်း ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးခဲ့ကာ  ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။

စာတည်း -မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly