ရိုဟင်ဂျာများကို ပိုမို ထောက်ပံ့ရန် နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တိုက်တွန်း

ရိုဟင်ဂျာများကို ပိုမို ထောက်ပံ့ရန် နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တိုက်တွန်း

နိုင်ငံရင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးလာကြသော ရိုဟင်ဂျာများကို ပိုမို ထောက်ပံ့ရန် နိုင်ငံတကာ အသိုက်အဝန်းအား ဝန်ကြီးချုပ် ရှိတ် ဟာစီနာက တိုက်တွန်းသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ဂျပန်သို့ လေးရက်တာ နိုင်ငံတော် ခရီးစဉ် ရောက်ရှိပြီး ဂျပန်အစိုးရရုပ်သံ NHK နှင့် တိုကျိုတွင် ကြာသပတေးနေ့က အမေးအဖြေ ပြုလုပ်ရာ၌ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ယနေ့ နေ့လယ်ပိုင်းတွင် သူမသည် ဝါရှင်တန်သို့ သွားရောက်ရန် တိုကျိုမှ ထွက်ခွာသည်။

ရှိတ် ဟာစီနာသည် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီယိုနှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးကို မဟာဗျူဟာ မိတ်ဖက်အဖြစ် မြှင့်တင်ရန် သဘောတူကြသည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ရိုဟင်ဂျာများ အများအပြား စီးဝင်မှုကို လက်ခံထားရသည်။

ယူကရိန်းက စစ်ပွဲအခြေအနေ နောက်ခံတွင် စွမ်းအင်နှင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ရိုဟင်ဂျာ တစ်သန်းနီးပါးအတွက် ဒုက္ခသည် စခန်းများ ဖွင့်လှစ်ပေးထားရသည့် ကုန်ကျစရိတ်မှာ မြင့်တက်နေကြောင်း အင်တာဗျူး၌ ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ပြောသည်။

ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် မြန်မာစစ်တပ်နှင့် သူ၏ အစိုးရက စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံသည် ရိုဟင်ဂျာများကို လက်ခံရန် သဘောတူထားသော်လည်း လက်ရှိအထိ အကောင်အထည်ဖော်မှု မရှိသေးကြောင်း သူက ဖြည့်စွက်ဆိုသည်။

ထိုပြင် သူ့အနေဖြင့် ၂၀၂၆ မကုန်မီ ဂျပန်နှင့် စီးပွားရေး မိတ်ဖက်ပြုမှု သဘောတူညီချက်ကို အပြီးသတ်လိုကြောင်းလည်း ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် လူငယ်ဦးရေ များပြားပြီး တောင်နှင့် အရှေ့တောင်အာရှတွင် ကြီးမားသည့် ဈေးကွက်များ ရှိထားကြောင်းလည်း ၎င်းက ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required