NUG ကို နိုင်ငံမဲ့မဖြစ်ရန် အရင်ကြိုးစားဟု ဘန်ကီမွန်းတုံ့ပြန်ကြောင်း သတင်းမှားဖြန့်

NUG ကို နိုင်ငံမဲ့မဖြစ်ရန် အရင်ကြိုးစားဟု ဘန်ကီမွန်းတုံ့ပြန်ကြောင်း သတင်းမှားဖြန့်

မဇ္ဈိမ။  ။The Elders အဖွဲ့၏  ဒုတိယဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းနှင့်  မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တို့တွေ့ဆုံမှုအား NUG က ဝေဖန်မှုအပေါ်  မစ္စတာ ဘန်ကီမွန်းမှ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်ဆိုသော သတင်းမှားတစ်ခု ပျံ့နှံ့နေသည်။ 

“နစကဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့တဲ့ ဘန်ကီမွန်းအား NUG အဖွဲ့မှ အပြစ်ဖို့ဝေဖန်နေမှုအပေါ် NUG အနေနဲ့ အပုပ် ချဝေဖန်မှုတွေကိုမလုပ်ဘဲ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တက်ပြီး နိုင်ငံမဲ့တစ်ယောက်မဖြစ်အောင် အရင် ကြိုးစားဖို့လိုတယ်။ ဒါက ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်တဲ့ ပကတိအမှန်တရားပဲ”ဟု ဘန်ကီမွန်း မှတုံ့ပြန်ပြောဆို” ဟု ဘန်ကီမွန်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်နေကြသည့်ပုံဖြင့် “Ko Thet” တယ်လီဂရမ်ချန်နယ်တွင် ဧပြီလ ၂၅ ရက်နေ့က ဖြန့်ဝေ ထားသည်။ 

အဆိုပါအကြောင်းအရာအား အခြားတယ်လီဂရမ်ချန်နယ်များတွင်လည်း ပြန်လည်ဖြန့်ဝေထားကြပြီး ကြည့်ရှုသူ ၂၀,၀၀၀ ကျော်ရှိနေသည်။ အလားတူ ထိုအကြောင်းကို ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေထား သည်များလည်း ရှိသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ မဇ္ဈိမမှအချက်အလက်စစ်ဆေးခဲ့ရာ မစ္စတာဘန်ကီမွန်းမှ ထိုသို့ မပြောဆိုခဲ့ကြောင်း တွေ့ရသည်။ 
The Elders အဖွဲ့၏  ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းသည် ဧပြီလ ၂၃နှင့် ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့အား တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ မူအားဖြင့် ကန့်ကွက် ရှုတ်ချသင့်တယ်လို့ မြင်ပါတယ်” ဟု ဝေဖန်ပြောဆိုထားသည်။ လင့် https://bit.ly/44efeXI

အဆိုပါတွေ့ဆုံမှုများတွင် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်နိုင်ရေးအတွက် NUG အပါအဝင် သက်ဆိုင် သည့် နိုင်ငံရေးပါတီများအားလုံးသည် အပြုသဘောဆောင်သည့်တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရန် အတွက်တိုက်တွန်းကြောင်းနှင့် ၎င်းအနေဖြင့် မြန်မာပြည်သူများနှင့်ထိုက်တန်သည့် လွတ်လပ်မှုနှင့် ငြိမ်း ချမ်းမှုများရရှိရန် တတ်စွမ်းသလောက်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ် နှင့် ပတ်သက်၍ The Elders အဖွဲ့မှ ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် NUG ၏ ဝေဖန်မှုအား တုံ့ပြန်သည့်စကားအသုံးအနှုန်းမတွေ့ရပေ။ The Elders ထုတ်ပြန်ချက် လင့် https://bit.ly/3HJ4pTV

မြန်မာပြည်ခရီးစဉ်တွင် မစ္စတာဘန်ကီမွန်းသည် စစ်ကောင်စီနှင့်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် NUG အပါအဝင် သက်ဆိုင်သူအားလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်ရန်တိုက်တွန်းခဲ့ကြောင်း သတင်းမီဒီယာအသီးသီးတွင် ဖော်ပြခဲ့ကြသော်လည်း NUG ၏ ဝေဖန်မှုအား တုံ့ပြန်ပြောဆိုသည့် အချက် ကိုမူ မည်သည့် ပြည်တွင်းပြည်ပသတင်းဌာနများတွင်မှ မတွေ့ရှိရပေ။
Mizzima မှ ဖော်ပြခဲ့သည့် လင့် https://bit.ly/3Li0RbW
BBC မှ ဖော်ပြခဲ့သည့် လင့် https://bit.ly/3NgYitv
RFA မှ ဖော်ပြခဲ့သည့် လင့် https://bit.ly/3njk5G9
Delta News Agency မှဖော်ပြခဲ့သည့် လင့် https://bit.ly/3Lbjs9L

ထို့ပြင် သတင်းမှားတွင်ပါသည့် မစ္စတာဘန်ကီမွန်း၏ ပြောဆိုချက်ဟုဆိုသည့် “NUG အနေနဲ့ အပုပ်ချ ဝေဖန်မှုတွေကိုမလုပ်ဘဲ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တက်ပြီး နိုင်ငံမဲ့တစ်ယောက်မဖြစ်အောင် အရင် ကြိုးစားဖို့လိုတယ်” ဟူသော စကားအသုံးအနှုန်းအား မည်သည့်မီဒီယာများတွင်မှ ဖော်ပြထားခြင်း မရှိပေ။

ထို့ကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် မစ္စတာ ဘန်ကီမွန်းအား NUG မှ ဝေဖန်ပြော ဆိုသည့်အပေါ် မစ္စတာဘန်ကီမွန်းမှ နိုင်ငံမဲ့မဖြစ်ရန် အရင်ကြိုးစားဖို့လိုသည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည် ဆိုခြင်းမှာ သတင်းမှား တစ်ပုဒ်သာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly