နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈  ဧပြီ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈  ဧပြီ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၂၃)ကို ဧပြီ ၂၇ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး အသက် စွန့်ပြီး တာဝန်ယူ ဆောင်ရွက်ပေးနေကြသည့် တစ်ဦးချင်းစီကို အသိအမှတ်ပြု ကျေးဇူးတင်သည်ဟု ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 

  • အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်‌ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှုကို ဧပြီ ၂၇ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း​ဒေက စစ်ရှောင်စခန်းများကို အမျိုးသား ညီညွှတ်ရေး အစိုးရ ၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ဟု ယနေ့ ဧပြီ ၂၈ ရက်တွင်  ထုတ်ပြန်ထားသည်။ 

  • မကွေးတိုင်း၊ ပေါက် နှင့် ဆောမြို့နယ်တို့တွင် ဧပြီ ၂၄ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၂၈ ရက်တွင် ဖက်ဆစ်စစ်တပ်တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဧပြီ ၂၈ ရက်၊ နံနက်ပိုင်းက ချီတက် သပိတ်မှောက်ကြကြောင်း သိရသည်။ 

  • တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၂၈ ရက်တွင် "အနိုင်မခံ အရှုံးမပေး ၅/တို့သွေး" ၊ "စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်" စာတန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ထမင်းနှင့် ဟင်းများ သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တောင်ခြမ်း၊ ညောင်ပင်ကန်ကျေးရွာအနီးတွင် ဧပြီ ၂၈ ရက်၊ နံနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်း (ပျူ) ရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဧပြီ ၂၇ ရက်၊ နံနက် ၅ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသူ များပြားကြောင်း Fighter Brotherhood Guerrilla Army တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဧပြီ ၂၇ ရက်အထိ စစ်ကောင်စီတပ်များ မီးရိူ့ခဲ့သဖြင့် ကျေးရွာ သုံးရွာက အိမ်ခြေ ၅၀၀ ကျော်ပြာကျခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော် ခြောက်ဦးကျဆုံးခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် မဲမှောင်ပြောက်ကျားတပ်ဖွဲ့သည် NUG ထံမှ သေနတ်သုံးလက်အား နှစ်လအတွင်း ဝယ်ယူနိုင်ရန်အတွက် မြန်မာကျပ်ငွေ သိန်း ၃၀၀ လိုအပ်လျက်ရှိရာ ပြည်တွင်း၊ ပြည်ပ အလှုရှင်များအနေဖြင့် ပါဝင်ကူညီပေးကြရန် တောင်းဆိုထားသည်။ 

  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေး(တမူး)ထံ အလင်းဝင်ဟန်ဆောင်လာခဲ့သော စစ်ကောင်စီတပ်သားသည် သေနတ်လေးလက်ယူဆောင်ပြီး စစ်ကောင်စီတပ်ထံ ပြန်လည်ထွက်ပြေး သွားကြောင်း PDF – Tamu တပ်ရင်း(၄)မှ ရဲဘော်ခန့်လင်းက မဇ္စျိမကိုပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ဧပြီ ၁ ရက်ကနေ ၂၅ ရက်အထိ စစ်ဘေးရှောင်ပြည်သူ ၄ ဦး မြွေကိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်သည်။ 

  • မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်ကျေးရွာတွင် စစ်ကောင်စီ အုပ်ချုပ်ရေးမှူး မောင်မောင်ကြီး၏ သားဖြစ်သူ စန်းယုမောင် အသက် ၃၉ နှစ်သည် နေအိမ်တွင် ရှိနေစဥ် ဧပြီ ၂၇ ရက်၊ ညနေ ၅ နာရီခန့်က သေနတ်သမား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်းကို ဧပြီ ၂၆ ရက်၊ ည ၇နာရီခန့်တွင် ပစ်ခတ်ရှင်းခဲ့သည်ဟု မြင်းခြံခရိုင်အမှတ်တပ်ရင်း (၄) Natogyi People Defence Force(NPDF) မှ သတင်းထုတ်ပြန်သည်။ 

  • မကွေးတိုင်းအတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများကို စက်သုံးဆီလာပိုသည့် ဆီဘောက်ဆာ ယာဥ်တန်း ကို ဧပြီ၂၈ ရက်၊ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ ရွာမွန်ရွာမှ ထွက်လာသည့် ဆီ ဘောက်ဆာကား အစီး ၃၀ ပါ ယာဥ်တန်းကို ရွာတော်စံပြ ကျေးရွာ ဆီဆိုင်အကျော်တွင် ဂဠုန် PDF တပ်ဖွဲ့(နတ်မောက်)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီး ပျက်စီးခဲ့ကြောင်း  ဂဠုန် PDF တပ်ဖွဲ့ (နတ်မောက်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ဧပြီ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger- MBT အဖွဲ့က ထုတ်ပြန် ကြေညာသည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ်အင်အားစုများ ဦးဆောင်ကာ "တပ်ပေါင်းစုကို တည်ဆောက် စစ်ဘောင်ကိုချဲ့ထွင်" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ-ရေဖြူ)က တော်လှန်ရေး ရန်ပုံငွေအတွက် မဲလက်မှတ်ရောင်းချမှုကို ပြုလုပ်မည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။  

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ်လမ်းမပေါ် ဘုရားမဲ့စစ်ဆေးရေးဂိတ်ကို ဧပြီ ၂၃ ရက်၊ နံနက် ၆ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်သူဆွေ စနိုက်ပါ ထိမှန်သေဆုံးသွားကြောင်း ဥဩစစ် ကြောင်း (ထားဝယ်မြို့နယ်) ထံမှ သိရသည်။ 

  • ပဲခူးတိုင်းအရှေ့ခြမ်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်းအား  ယမန်နေ့ ဧပြီ ၂၇ ရက်၊ ည ၇ နာရီခန့်တွင် ဝေါမြို့နယ် (ပကဖ) နှင့် ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးကြောင်း ပဲခူးတိုင်း စစ်ရေးသတင်းပြန်ကြားရေး စာမျက်နှာ Bago Region PDF က သတင်းထုတ်ပြန်ထားသည်။ 

  • ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့တွင် မီတာခ မဆောင်သော ပြည်သူများကို ရဲခေါ် ရိုက်နှက်ပြီး တရားစွဲဆိုခဲ့သူ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းသည် ဧပြီလ ၂၇ ရက်နေ့ တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ 

  • ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် NUG ၊ PDF တို့ကို အားပေးထောက်ခံသောကြောင့်ဟုဆိုကာ ဖမ်းဆီးထားသူ နှစ်ဦးအား ဧပြီလ ၂၇ ရက် နေ့လယ်တွင် သာယာဝတီထောင်တွင်းတရားရုံးက အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ထောင်ဒဏ် သုံးနှစ်အသီးသီးချမှတ်ခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။ 

  • ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဖက်ခြမ်းတစ်နေရာတွင် ယမန်နေ့ ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ သုံးဦးထိမှန်ပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ထလန်လိုရွာကို ဧပြီ ၂၇ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်က အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ကျောင်းသားလက်ရုံးတပ်တော်၏ နှစ်နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည့် ဧပြီ ၂၇ ရက်တွင်ကျောင်းသားထု သွေးစည်းညီညွတ်ရေးအား သမိုင်းပေးတာ၀န်အဖြစ် ဆောင်ရွက်သွားမည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။ 

  • အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိရာမှာ ဧပြီ ၂၇  ရက်အထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၃၄၄၄ ဦးအထိ ရှိပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက်သည်။ 

  • ဂျပန်နိုင်ငံ၏ မြို့ကြီး ခုနှစ်မြို့တွင် နွေဦးရုပ်ရှင်ပွဲတော်ကို ပထမဦးဆုံးအကြိမ်အဖြစ် မေ ၆ရက်မှ မေ ၂၈ရက်အတွင်း သတ်မှတ်ထားသည့် နေရာများတွင် ပြသသွားမည်ဟု သိရသည်။ 

  • မြန်မာအကြမ်းဖက်စစ်ကောင်စီအနေဖြင့် အရပ်သားများကို သတ်ဖြတ်နေခြင်းများ ချက်ချင်း ရပ်တန့်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့က မြန်မာသံရုံးရှေ့တွင် IWMD 2023 အထိမ်း အမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာသမဂ္ဂကောင်စီ(အင်ဒိုနီးရှား) က ဆန္ဒထုတ်ဖော် တောင်းဆို လိုက်ကြောင်း သိရသည်။ 

  • နော်ဝေးဗဟိုဘဏ်သည် မြန်မာစစ်တပ်နှင့်စီးပွားရေးဆက်လက်လုပ်ကိုင်နေသည့် ကိုရီးယားနှင့် အိန္ဒိယရေနံကုမ္ပဏီနှစ်ခုကို ဖယ်ထုတ်လိုက်ကြောင်း ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။  

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် ဗုံးပဒေသာများမှာ ထိုင်းနိုင်ငံထုတ် ဗုံးများဖြစ်သည်ဟု ယူဆရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)၏ ကော်ဘရာစစ်ကြောင်းမှ စစ်ဆင်ရေးမှူး ဗိုလ်ကြီးဒါဘောက သုံးသပ်ပြောကြားသည်။ 

  • KNLA တပ်မဟာ(၅)က သိမ်းပိုက်ထားသည့် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်အနီးရှိ မယ်ခါးထာတပ်စခန်းကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ကေအဲန်ယူ-တပ်မဟာ(၅) သတင်းရင်းမြစ်များက ပြောသည်။ 

  • ရှမ်း - ကရင်နီပြည်နယ်ဒေသအစပ် ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများတွင် သုံးရက် အတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး အရှင်နှစ်ဦးဖမ်းမိကာ လက်နက် ၂၆ လက်အပါအဝင် ခဲယမ်းများစွာရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့ထုတ်ပြန်သည်။ 

  • ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာနေ ဒေသခံ ရွာသားများကို လက်နောက်ပြန် ကြိုးတုပ်ပြီး လူသားဒိုင်း အဖြစ် အသုံးပြုနေသည် ရုပ်သံဖိုင်ကို KNDF-Pekhon Zone က ယနေ့ ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်လိုက်သည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်း ရဲစခန်းကို ဧပြီ ၂၇ ရက်က ဒရုန်းဖြင့် ဗုံးသီးချ တိုက် ခိုက်ခဲ့ရာ ရဲစခန်းစခန်း မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ပြောသည်။ 

  • ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ ကို သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ အပြင်းအထန် ရသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ဧပြီ ၂၇ရက်တွင် ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ် ဟားခါး နှင့် ထန်တလန်မြို့အကြားရှိ စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၆ ရက်က ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ စခန်းမှ ဆုတ်ခွာသွားပြီး လက်နက်ကြီးအချို့နှင့် RPG တစ်လက်၊ ကျည်၊ ခဲယမ်းများ ရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦးသတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၁ ဦး သေဆုံးခဲ့ကြောင်း ဧပြီ ၂၆ ရက်တွင် KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ မြန်မာနိုင်ငံ၏ ရာခိုင်နှုန်း ၆၀ ကျော်တွင် လုံခြုံမှုရှိသည်ဟု စစ်ကောင်စီဝါဒဖြန့်ချိရေး ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် ပြုလုပ်သည့် သီးသန့်အင်တာဗျူးတွင် ပြောသည်။ 

  • တရုတ်သမ္မတ ရှီကျင်းပင်က အဆိုပြုထားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ကမ္ဘာလုံး ဆိုင်ရာလုံခြုံရေးအစီအမံ (GIS) သဘောတရားစာတမ်းကို ထောက်ခံကြိုဆိုသည်ဟု စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။ 

  • လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး မကြာမီတွင် နိုင်ငံတော်အဆင့် တင်ဒါခေါ်သွားရန် ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ပြည်တွင်းထုတ် သတင်းစာတစ်စောင်ဖြစ်သည့် ရတနာပုံသတင်းစာတွင် ဖော်ပြထားသည်။ 

  • ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၄ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်မှာ ပိုမို အားကောင်း လာကာ မုန်တိုင်းငယ် အဖြစ်ကို ရောက်ရှိနိုင်သည်ဟု စစ်ကောင်စီလက်အောက်ခံ မိုးလေဝသ နှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီ ၂၈ ရက်၊ နံနက်ပိုင်းတွင် အသိပေးထုတ်ပြန်သည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ရွာကို ဧပြီ ၂၇ ရက်၊ နံနက် ၉ နာရီခွဲခန့်က အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွှေ ၁ ကျပ်သား နှင့် ငွေကျပ် သိန်း ၄၀ ကျော်ကို ခိုးယူလုယက်သွား ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်း ဌာနတွင် ဖော်ပြထားသည်။ 

  • လာမည့် မေလဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ (အကယ်ဒမီ) အား တက်ရောက်ခြင်းမရှိသည့် အနုပညာရှင်များကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်တပ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ခြိမ်းခြောက်မှုများပြုလုပ်နေသည်ကို တွေ့ရသည်။ 

  • ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် မြန်မာသံရုံးတွင် ငွေသွင်းထားပြီး OWIC ကတ် မထုတ်ရသေးပါက မေ ၁၉ ရက်အတွင်း နောက်ဆုံးထား၍ မဟာချိုင် TDCC ရုံးခွဲတွင် သွားရောက်ထုတ်ယူကြရန် စစ်ကောင်စီ လက်အောက်ခံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။ 

  • ၂၀၂၃ - ၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင် အခြေခံပညာ KG မှ Grade-11အထိ အတန်းများ၏ ကျောင်းအပ်ရက်ကို ယခင်နှစ်များထက်စောကာ မေ ၂၃ ရက်မှ စတင်ပြီး ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။ 

  • တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ညီညွှတ်ခြင်းမရှိသော ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက်တွင် စစ်ကောင်စီ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

  • ရန်ကုန်၊ ဘုရင့်နောင် ပွဲရုံဝင်းအတွင်းရှိ လမ်းဘေး ဆိုင်များကို အထက်အမိန့်အရဟု ပြောဆိုကာ ယနေ့ ဧပြီ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင်အကြမ်းဖက် စစ်တပ်ခန့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် စည်ပင်က အင်အား အလုံးအရင်းဖြင့် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြိုပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့် တိုက်ခန်းများတွင် ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် အသုံးပြုခဲ့ခြင်းကြောင့် ပြင်ဆင်ရသည့် အတွက် ကုန်ကျစရိတ်များ တိုးမြင့်လာ၍ တိုက်ခန်းအရောင်း ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ မြိုပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက ကြေညာသည်။ 

ဧပြီ ၂၈ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီသည် မြန်မာနိုင်ငံသည် ၆၀ ရာခိုင်နှုန်းလုံခြုံမှုရှိသည်ဟု နိုင်ငံခြားသတင်းဌာနများတွင် ကိုယ်ဟန်ဖို့ကာ ပြောဆိုသော်လည်း တကယ်တမ်းမြေပြင်အခြေအနေတွင် အဆိုပါရာခိုင်နှုန်းထက် ပိုနည်းသည့် ရာခိုင်နှုန်းကိုသာ စစ်အုပ်စုက လွမ်းမိုးနိုင်သည်ကို တွေ့ရသည်။ 

  • စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ရာတွင် ပေါက်ကွဲအားနှင့် ပျံ့နှံ့အားကောင်းပြီး လူအသေအပျောက်များနိုင်သည့် ဗုံးများကို အသုံးပြုလာသည်ကို ကြည့်ပါက အရက်စက်ဆုံး နည်းလမ်း များဖြင် တော်လှန်ရေးကို ဖြိုခွဲရန် များကို ပြုလုပ်လာသည်ကို တွေ့ရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly