ပြည်ကြီးတံခွန်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ၊ သိန်း ၂,၅၀၀ ကျော်ဖိုးပါသွားဟုဆို

By 007 (မဇ္စျိမ)
28 April 2023
ပြည်ကြီးတံခွန်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ၊ သိန်း ၂,၅၀၀ ကျော်ဖိုးပါသွားဟုဆို

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ ဧပြီလ ၂၈ ရက် နေ့လယ် ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၂,၅၀၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများပါသွားကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်၊ ၆၂လမ်း၊ ၁၃၃ လမ်းနှင့် ၁၃၄ လမ်းကြား၊ စက်မှု(၁)စျေးအရှေ့ရှိ ထက်ဝေယံရွှေဆိုင်ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်သည်။

"သေနတ်သံနှစ်ချက်လောက်ကြားလို့ နားစွင့်နေတုန်း မှန်ရိုက်ခွဲသံတွေပါဆက်ကြားရတယ်။ တစ်အောင့်နေတော့မှ ကိုယ့်အနားကရွှေဆိုင်ထဲဖြစ်နေမှန်းသိရတာ။ ဓားပြတိုက်တာ ရွှေထည်တွေသိန်း ၂,၅၀၀ ကျော်ဖိုးလောက်ပါသွားတယ်လို့ ရဲတွေပြောနေတာ ကြားခဲ့ရတယ် " ဟု အခင်းဖြစ်နေရာအနီးနေထိုင်သူတစ်ဦးက ပြောသည်။

သေနတ်ကိုယ်စီ ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦး ဆိုင်ထဲဝင်လာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဆိုင်ထဲရှိ မှန်ကောင်တာများအားရိုက်ခွဲပြီး ရွှေထည်ပစ္စည်းများကိုလုယူသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

ဓားပြတိုက်လုယူသွားသော ရွှေထည်ပစ္စည်းများသည်၊ ရွှေဆွဲကြိုး ဆိုဒ်စုံ ၁၈ ကုံး၊ ရွှေနားကပ်အရံ ၃၈၀ ၊ ရွှေနားဆွဲ ၉၀ ခန့်၊ ခန့်မှန်းတန်ဖိုးသိန်း၂,၅၀၀ ကျော်ရှိကြောင်း၊ ၎င်းရွှေထည်ပစ္စည်းများအား ဆာလာအိတ်ထဲ ထည့်ယူပြီး ထွက်ပြေးသွားကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ပြီးခဲ့သည့်ဧပြီလ ၁၉ ရက်နေ့ကလည်း စက်မှု(၁)စျေးမှ ထိပ်တန်းအမည်ရှိ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း၂,၇၀၀ ကျော် တန်ဖိုးရှိသော ရွှေထည်ပစ္စည်းများပါသွားသည့် ဓားပြတိုက်မှုဖြစ်စဥ် ဖြစ်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#ဓားပြတိုက်

# ပြည်ကြီးတံခွန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly