အပြစ်မဲ့ ပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ဟု CNF ဆို

By ပါခွီး (မဇ္ဈိမ)
28 April 2023
အပြစ်မဲ့ ပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ဟု CNF ဆို
ဓာတ်ပုံ - ဗုံးကြဲခံရသည့် တလန်လိုရွာ

ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ် တလန်လိုကျေးရွာရှိပြည်သူများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ယနေ့ ဧပြီလ ၂၈ရက် တွင် ထုတ်ပြန်သည်။

ဧပြီလ ၂၇ရက်နေ့ ညနေ ၃နာရီ ၂၀မိနစ်အချိန်တွင် တလန်လိုရွာအတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက် တာဖြင့် အကြောင်းမဲ့ ဗုံး နှစ်လုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် အသက် (၅၄နှစ်) အရွယ် CDMကျောင်း ဆရာမတစ်ဦး ၊ အသက် (၃၈နှစ်) အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် ၅နှစ် နှင့် ၁၁နှစ် အရွယ် ကလေးနှစ်ဦးအပါအဝင် အမျိုးသား ငါးဦး ၊ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘုရားကျောင်း သုံးဆောင်နှင့် လူနေအိမ် အလုံး ၃၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်သည့် စက်ဆုပ်ဖွယ်ရာ လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန် ချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ အနည်းဆုံးဖြစ်သည့် ချင်းလူမျိုးများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်သဖြင့် အပြင်းအထန်ရှုတ်ချကြောင်းဆိုသည်။

အဆိုပါလုပ်ရပ်သည် နိုင်ငံတကာအဖွဲ့အစည်းများ၏ တောင်းဆိုချက်ကို ပြောင်ပြောင်တင်းတင်းလျစ်လျူရှုလိုက်ခြင်း ဖြစ်သောကြောင့် နိုင်ငံတကာမှ လက်တွေ့ကျသော အရေးယူမှုများ ၊အပြစ်ပေးမှုများ ပြုလုပ်ကြရန် CNF က တောင်းဆိုထားသည်။

ချင်းပြည်သူများလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ချင်းပြည်သူများ လုံခြုံရေးအတွက် တတ်စွမ်းသရွေ့ဆက်လက်ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသား တပ်ဦး/တပ်မတော် ကဆိုသည်။

ချင်းလူမျိုးတုန်းအောင် ရည်ရွယ်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံရေးခံယူချက် ၊ ဦးတည်ချက်တူသော ညီနောင်မဟာမိတ်များ ၊ NUG အပါအဝင် နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုများနှင့်အတူ ပြည်သူဘက်မှ မားမား မတ်မတ်ရပ်တည်ပြီး အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တလန်လိုကျေးရွာ အပေါ် အကြမ်းဖက်မှုအတွင်း အသက်ဆုံးပါးခဲ့ရသည့် အပြစ်မဲ့ ပြည်သူများ ၊ ဒဏ်ရာရရှိသူများ ၊ အိုးအိမ်ပျက်စီးဆုံးရှုံးသူများ၏ မိသားစုများ ၊ ရပ်ဆွေ ရပ်မျိုးများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း CNF/A ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းကို ၎င်းနေ့ည တွင်းချင်း သင်္ဂြိုဟ်ခဲ့ကြောင်းသိရှိရသည်။

မတ်လ ၃၀ ရက်နေ့ကလည်း ထန်တလန်မြို့နယ် ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၀ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဓာတ်ပုံ - ဗုံးကြဲခံရသည့် တလန်လိုရွာ

#Mizzima

#ချင်းအမျိုးသားတပ်ဦး (CNF)

#စစ်ရာဇဝတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly