မင်းပြားမြို့တွင် လူ ၃၀,၀၀၀ နီးပါးကို သောက်ရေပေးဝေနေသည့် မင်းကန် ရေခန်း

By KMN (မဇ္ဈိမ)
28 April 2023
မင်းပြားမြို့တွင် လူ ၃၀,၀၀၀ နီးပါးကို သောက်ရေပေးဝေနေသည့် မင်းကန် ရေခန်း

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်ရှိ ဒေသခံပြည်သူ ၃၀,၀၀၀ နီးပါး၏ သောက်ရေအဖြစ် အသုံးပြုနေသည့် မင်းကန် ရေကန်ကြီးသည် ယခုနှစ်နွေရာသီဖြစ်သည့် ဧပြီလတွင် ရေခန်းခြောက်သွားသည့်အတွက် ပြန်လည်တူးဖော်နေကြောင်း မင်းပြားမြို့ခံတစ်ဦးက ပြောသည်။

မင်းကန်ရေခန်းခြောက်သွားသည့်အတွက် သုံးပေအနက်တူးဖော်မူကို ဧပြီ၂၅ ရက်နေ့မှစတင်ကာ မြို့ခံများနှင့်ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း သိရသည်။

"တစ်မြို့လုံးက သောက်ရေအနေနဲ့ ဒီဟာပဲသုံးတာ။ မြို့ကလူ ၇၅ ရာခိုင်နူန်းလောက်က မင်းကန်ရေသောက်ကြတာ၊ အကုန်လုံးခန်းတာက သင်္ကြန်အပြီးလောက်မှာပါ။ ရေအခက်အခဲရှိလို့ မြို့နဲ့ တစ်မိုင်ကျော်ဝေးတဲ့ ဖလောင်းပြင်ဆည်ကရေကို ကြိုချက်ပြီးသောက်နေကြတယ်"

ဟု မင်းပြားမြို့ဒေသခံ ကိုမြတ်စိုးကျော်က မဇ္ဈိမကို ပြောသည်။

မင်းပြားမြို့ပေါ်တွင် မြေသားရေကန်ကြီး၊ ငယ်ပေါင်း ၃၀ ကန်လောက်ရှိသော်လည်း သုံးရေကန်သာများပြီး သောက်ရေကန် အနည်းငယ်သာရှိသည်။ မင်းပြားမြို့ ခံအများစုမှာ မင်းကန်ရေကို သောက်ကြပြီး မင်းကန်ရေကန်သည် ၂၀၁၅ ခုနှစ်ကလည်း တစ်ကြိမ်ရေခန်းခြောက်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် ထပ်မံရေခန်းခြောက်ခြင်းဖြစ်ကြောင်း မင်းပြားမြို့ဒေသခံများက ဆိုသည်။

မင်းပြားမြို့အား ဖလောင်းပြင်ဆည်မှရေကို လေးရက်ခြားတစ်ကြိမ် ရေပေးဝေနေပေမယ့် ရေပေးဝေရေးစနစ်ကောင်းမွန်ခြင်းမရှိတာကြောင့် မင်းပြားမြို့ခံများ ရေအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မင်းပြားမြို့အပါအဝင် မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်များတွင် ယခုနှစ် မတ်လကုန်ခန့်မှစတင်ကာ ရေတွင်းရေကန်များခန်းခြောက်မှုကြောင့် သောက်ရေ၊ သုံးရေအခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းမြို့နယ်တချို့တွင် ရေရှားပါးမှုကြုံတွေ့နေရပြီး မြောက်ဦးမြို့နယ်၊ လက်ဆည်ကန်ရေခန်းခြောက်မှုကြောင့် ဒေသခံများရေအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Photo - Min Min Phyo(မင်းပြား)

#mizzima

#မင်းပြားမြို့

#ဒေသခံ

#မင်းကန်

#ရေခန်းခြောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly