“နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်ကားအား ထုတ်လွှင့်ပြသခဲ့သည့် Padathar Pin-ပဒေသာပင်က ချန်နယ်များရပ်နားမည်ဟုကြေညာ

By ရွှေနွယ် (မဇ္ဈိမ)
28 April 2023
“နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်ကားအား ထုတ်လွှင့်ပြသခဲ့သည့် Padathar Pin-ပဒေသာပင်က ချန်နယ်များရပ်နားမည်ဟုကြေညာ

စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုများအား ရန်ပုံငွေရှာဖွေပေးနေသော တော်လှန်ရေးထောက်ပို့ YouTube Channel ဖြစ်သည့် Padathar Pin-ပဒေသာပင်က ၎င်းတို့၏ ချန်နယ်များအား ယခု ဧပြီလကုန်တွင် ရပ်နားတော့မည်ဖြစ်ကြောင်း ဧပြီလ ၂၇ ရက်နေ့ ညပိုင်းတွင် ကြေညာထားသည်။

" လူဝင်နှုန်းပါ။နေ့စဉ် လူ ၁၅,၀၀၀ ခွဲ လောက်ပဲရှိပါတယ်။ ကျနော်တို့ပဲ နည်းနေတာလားဆိုတော့ မဟုတ်ပါဘူး။ တခြားချန်နယ်တွေဆို ကျနော်တို့ထက်တောင်ဆိုးပါသေးတယ်။ အစောဆုံးနဲ့လူသိအများဆုံး C2D တောင် နေ့စဉ် လူ ၂၀,၀၀၀ လောက်ပဲရှိပါတယ်” ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

Padathar Pin-ပဒေသာပင် အနေဖြင့် မတ်လအတွင်းတွင် YouTube Channel မှ ကျပ်သိန်း ၅၀ ခန့်ရရှိရမည့်အစား အဖြတ်ခံရသောကြောင့် ကျပ်၃၂ သိန်းကျော်သာရရှိကာ၊ ဖေဖော်ဝါရီလတွင်လည်း ကျပ် ၁၃ သိန်းကျော်သာရရှိခဲ့ကြောင်း၊ ၎င်းတို့၏ YouTube Channel အား လူသိများထင်ရှားသူများမှ ဝန်းရံကူညီပေးခဲ့ကြသော်လည်း လူအဝင်နည်းလာသဖြင့် ရပ်နားဖို့ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ Padathar Pin-ပဒေသာပင် YouTube Channel သည် NUG တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်-၃မှ တပ်ဖွဲ့ဝင်များဖန်တီးထားသော ချန်နယ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလအတွင်းက ဒါရိုက်တာဏကြီးဖန်တီးရိုက်ကူးခဲ့သည့် “နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်ကားအား ထုတ်လွှင့်ပြသခဲ့သည့် YouTube Channel ဖြစ်သည်။

“နိုင်ငံပျောက်သူ” ရုပ်ရှင်ဇာတ်ကားအား စတင်ပြသချိန်မှစ၍ ၁၂ နာရီအတွင်း ဝင်ရောက်ကြည့်ရှုသူ ၁,၀၀၀,၀၀၀ ကျော်ရှိခဲ့ပြီး အဆိုပါဝင်ငွေများမှတဆင့် အဖွဲ့ကြီးတချို့အား ဘတ် ၂၀၀,၀၀၀ ကျော်ထောက်ပံ့နိုင်ခဲ့သလို ရဲဘော်တစ်ဦးအား လက်နက်ဝယ်ယူပေးနိုင်ကြောင်းနှင့် အခြားလက်နက်ဝယ်ယူလိုသူရဲဘော်တစ်ဦးအားလည်း ဘတ် ၅၀,၀၀၀ စိုက်ထုတ်ပေးနိုင်ခဲ့ကြောင်း ၎င်းတို့၏စာမျက်နှာတွင် မတ်လ ၁၅ ရက်နေ့က ကြေညာထားသည်။

"ကျနော်တို့အားလုံးပင်ပန်းနေကြပြီဆိုတာ။အဲ့တော့ ကျနော်ကတော့ ရပ်လိုက်တော့မယ်လို့ပဲဆုံးဖြတ်ပါတယ်။ ဒီကာလအတွင်း တူတူရှိပေးခဲ့ကြသူတွေကိုကျေးဇူးတင်ပါတယ်။ ကျနော့်ကိုယ်စားဆက်လက်လုပ်ချင်တဲ့သူတွေရှိရင်လည်း ကျနော်အားလုံးကိုလွှဲပြောင်းပေးခဲ့ပါ့မယ်ခင်ဗျာ" ဟု Padathar Pin-ပဒေသာပင်မှ ပြောထားသည်။

"ကလစ်အားနည်းလာခြင်းက ပြည်သူလူထုအနေနဲ့ အချက်သုံးချက်ကြောင့်ပါ။ ပထမအချက်က တော်လှန်ရေးအချိန်ကြာလာတဲ့အမျှ ကလစ်ရတဲ့အပေါ် ငြီးငွေ့လာတာကြောင့်လည်းဖြစ်နိုင်တယ်။ ဒုတိယအနေနဲ့ မြန်မာနိုင်ငံအတွင်းက ကလစ်ကာတွေအနေနဲ့ ဒေတာကုန်ကျမှုစရိတ် တက်လာတဲ့အတွတ်ရယ်၊ တတိယအနေနဲ့က ဖုန်းအားသွင်းဖို့ လျှပ်စစ်မီးရရှိရန်အခက်အခဲကြောင့်ဖြစ်ပါတယ်။ တကယ်တော့ click တာက လွယ်ကူပါတယ်။ တနေ့ကို ငါးမိနစ်လောက်အချိန်ပေးတာနဲ့ ထောက်ပို့တစ်ယောက်ဖြစ်နိုင်ပါတယ်။ ပုံမှန်လုပ်ဆောင်ပေးရုံနဲ့ ထောက်ပို့တပ်သားတစ်ယောက်ဖြစ်နိုင်တာကြောင့်၊ လက်မလျော့ကြဖို့တိုက်တွန်းချင်ပါတယ်" ဟု Click လုပ်ခြင်းကိုမပျက်မကွက်လုပ်ဆောင်နေသူ ပဲခူးတိုင်းအတွင်းမှ ၅၀၅ ဝရမ်းထုတ်ခံထားရသည့် တက်ကြွလူငယ်တစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။

Padathar Pin-ပဒေသာပင်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ အစောပိုင်းကာလများတွင် Application နှင့် Website များရှိခဲ့သော်လည်း လက်ရှိတွင် subscribe ပြုလုပ်ထားသူ ၄၉,၀၀၀ ကျော်ရှိသည့် Vlogs by Padaytharpin Channel၊ subscribe ပြုလုပ်ထားသူ ၄၆,၀၀၀ ကျော်ရှိသည့် Padaythar P2P Channel နှင့် subscribe ပြုလုပ်ထားသူ ၂,၀၀၀ ကျော်ရှိသည့် Healthy Clicks Channel များကိုသာ ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်သည်။

ယခု ဧပြီလအကုန်တွင်မူ အဆိုပါ YouTube Channel များအားလုံးကိုရပ်နားသွားမည်ဟု ကြေညာထားခြင်းဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#ချန်နယ်ပိတ်သိမ်း

#Padathar Pin

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly