မင်းလှမြို့ရှိ ချင်းရွာ ၁ရွာကို စစ်ကောင်စီ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

By MTO (မဇ္ဈိမ)
28 April 2023
မင်းလှမြို့ရှိ ချင်းရွာ ၁ရွာကို စစ်ကောင်စီ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊မင်းလှမြို့နယ်အတွင်း ချင်းတိုင်းရင်းသားများနေထိုင်သည့် ရေရင်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသောကြောင့် တစ်ရွာလုံး မီးလောင်သွားပြီး နေစရာမရှိတော့သည့် ဒေသခံများသည် တောတောင်ထဲတွင် တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ရေရင်ရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၂ ရက်နေ့ တွင် ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်‌ကြောင်း ဒေသခံတစ်ဦးကပြောသည်။

" ရွာမှာ အိမ် ၂၅ လုံး ရှိတာ။ ၂၄ လုံးထိ မီးလောင်ပြာကျသွားတယ်။ တစ်လုံးက မီးလောင်နေတုန်း မိုးရွာလို့ ပြာမကျတာ။ တစ်ရွာလုံးကို ရှို့သွားတာ" ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းရှိနေအိမ်များကို မီးရှို့ပြီးနောက် ရွာစာသင်ကျောင်းမှ Non CDM ဆရာ၊ဆရာမများပိုင်ပစ္စည်းများနှင့် ကျောင်းအတွက်ထားရှိသည့် ဆိုလာပြားများကိုလည်းဖျက်ဆီးသွားကြောင်း သိရသည်။

" တိုက်ပွဲပြင်းထန်မှုမရှိပဲ တောင်ပေါ်နေပြည်သူတွေကို အကြောက်တရား ရိုက်သွင်းပြီး သူတို့ခြေကုပ်ယူ ချင်လို့ လုပ်တဲ့သဘောလို့ ပဲထင်တယ်"ဟု ရေရင်ရွာအား မီးရှို့ဖျက်ဆီးသွားသည့်အပေါ် မင်းလှမြို့ခံတဦးကမှတ်ချက်ပြုသည်။

ယခုအခါ ရေရင်ရွာမှ ပြည်သူ ၁၀၀ ကျော်သည် နေရေး၊ထိုင်ရေးနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၄င်းက “ မီးလောင်သွားတဲ့ရွာက မီးဘေးသင့်ပြည်သူက ၁၀၀ ကျော်လောက်ရှိတယ်။ အဲ့အထဲမှာ ကလေးသူငယ်က ၃၀ ဝန်းကျင်ရှိတယ်။ လက်ရှိအနေအထား မှာတော့ လျိုမြောင်တောတောင်တွေထဲမှာပဲ ဆင်းရဲဒုက္ခရောက်နေတယ်” ဟုပြောသည်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် ရေရင်ရွာအပြင် ငဖဲနှင့်မင်းလှမြို့ အစပ်ရှိကျေးရွာအချို့မှ ဒေသခံများသည် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မင်းလှမြို့နယ်သို့ ရောက်ရှ်ိလာသော စစ်ကောင်စီစစ်ကြောင်းတွင် တပ်မ ၈၈ လက်အောက်ခံတပ်ရင်းအချို့နှင့် မကွေးတိုင်းအခြေစိုက်ကပစ (၁၀)နှင့် ကပစ(၁၃)လည်း ပါဝင်ကြောင်း အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။အဆိုပါစစ်ကြောင်းသည် ဧပြီလ ၂၆ရက်တွင် မင်းတုန်းမြို့တပ်ရင်းထဲသို့ ဝင်သွားကြောင်း သိရသည်။

စာတည်း - မောင်ကြီး

ဓာတ်ပုံ - ပျက်စီးသွားသည့် ရေရင်ရွာ

#mizzima

#မင်းလှမြို့နယ်

#ရေရင်ရွာ

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly