အိန္ဒိယ- မြန်မာ နယ်စပ်ပိတ်ထား၍ စစ်ဘေးရှောင်များ အခက်ကြုံ

By ပါခွီး (မဇ္ဈိမ)
28 April 2023
အိန္ဒိယ- မြန်မာ နယ်စပ်ပိတ်ထား၍ စစ်ဘေးရှောင်များ အခက်ကြုံ

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း နှင့် မြန်မာနိုင်ငံ ၊ ချင်းပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဂိတ်များကို မီဇိုရမ်ပြည်နယ်ရှိ လူငယ်အဖွဲ့အစည်းများက ပိတ်ထားပြီး စည်းကမ်းချက်များ ထုတ်ပြန်ခဲ့သည့်အတွက် မြန်မာစစ်ဘေးရှောင်များ အခက်ကြုံနေရကြောင်း သိရသည်။

မီဇိုပြည်နယ်တောင်ပိုင်း၊ ဆိုင်ဟားခရိုင်တွင်နေထိုင်သူ သုံးဦးကို မြန်မာနိုင်ငံသားများဟု ယူဆရသူများက မတ်လ ၂၂ရက်တွင် သတ်ဖြတ်ခဲ့သည့်အတွက် ဒေသခံ လူငယ် အဖွဲ့အစည်းများက နယ်စပ်ရှိ ဂိတ်ငယ်များကို မတ်လ ၂၉ရက်မှစတင်ပြီး အကန့်အသတ်မရှိပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဆိုင်ဟားခရိုင်အတွင်းရှိ မြန်မာနိုင်ငံ နယ်စပ်နှင့် ထိစပ်နေသော မီကျပီး - လုံးကျွေး နယ်စပ်ဂိတ် ၊ ရောင်လင်းကျေး ရွာနယ်စပ်ဂိတ် ၊ Archhuang, Tial dawngilung နှင့် Vawmbuk တို့ကို ပိတ်ထားခြင်းဖြစ်ပြီး သာရေး ၊ နာရေး ကိစ္စများရှိပါက ၎င်းတို့၏ ခွင့်ပြုချက်ဖြင့်သာ သွားလာခွင့်ပြုမည်ဖြစ်သည်။

“ နယ်စပ်မပိတ်ခင်တုန်းက ဟိုဘက် ဒီဘက် စားသုံးကုန် ပစ္စည်းတွေ အပြန်အလှန် ရောင်းဝယ် လို့ရတယ်။ မြန်မာပြည်ဘက်က ပြည်သူတွေသာမက စစ်ဘေးရှောင်တွေ အတွက်ပါ စားဝတ်နေရေး ၊ သာရေး နာရေး ကိစ္စတွေဖြေရှင်းခဲ့ရတာ ၊ အခု အဲဒါတွေ ဘာမှလုပ်လို့မရတော့ဘူး။ အခက်အခဲမျိုးစုံနဲ့ တွေ့နေရတော့တာ” ဟု အမည်မဖော်လိုသူ မြန်မာစစ်ဘေးရှောင်တစ်ဦးကပြောသည်။

စစ်ဘေးရှောင်များ ဆိုင်ကယ် မစီးရ ၊ ည ၇ နာရီ အပြင်မထွက်ရ စသော တင်းကျပ်သည့် စည်းကမ်းများကို မီဇိုရမ် ဒေသခံ လူငယ်အဖွဲ့အစည်းက စည်းကမ်းချမှတ်ခဲ့ကြောင်း သိရသည်။ စစ်ဘေးရှောင်များမှာ ဆိုင်ကယ်စီးခွင့်မရတော့သဖြင့် ခရီးသွားလာရေးနှင့် အခြားရွာများသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် မဖြစ်နိုင်သောကြောင့် စားဝတ်နေရေးများကျပ်တည်းမှုများနှင့် ကြုံရ ကြောင်းသိရသည်။

“အရင်ကလို ဒေသခံတွေဆီက နွေးထွေးမှုမရှိတော့သလို နေချင်စရာမကောင်း လောက်အောင် စည်းကမ်းချက်တွေများလာပြီ သူတို့ဆီကလည်း ဘာအကူအညီမှ မရတော့ဘူး” အဆိုပါ စစ်ဘေးရှောင်သူတစ်ဦးက ပြောသည်။

ပလက်ဝမြို့မှ ခူမီး လူမျိုးအချို့နှင့် Tipa မှ မတူမျိုးနွယ်စု အချို့ နေရပ်ပြန်ရန် ခွင့်ပြုချက် တောင်းခံသော်လည်း လူငယ်အသင်းအဖွဲ့များက ခွင့်မပြုသဖြင့် အကြိမ်ကြိမ် ညှိနှိုင်းပြီး လူငယ်အသင်းအဖွဲ့၀င်များ၏ ကားများငှားမှသာ ခွင့်ပြုခဲ့ပြီး စစ်ဘေးရှောင်တစ်ဦး၏ ဆိုင်ကယ်တစ်စီး သိမ်းယူခံခဲ့ရကြောင်း သိရသည်။

ဒေသခံ လူငယ်အဖွဲ့အစည်းများဖြစ်သော မာရာလူငယ်အဖွဲ့အစည်း (MTP) ၊ လိုင်လူငယ်အဖွဲ့ (YLA) တို့သည် လူသတ်တရားခံများကို လွှဲပြောင်းပေးရန် တောင်းဆိုထားကြပြီး မလွှဲပြောင်းပေးပါက နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်ပေးမည်မဟုတ်ကြောင်းသိရသည်။

နယ်စပ်လမ်း ပိတ်ထားသော ဒေသခံလူငယ်များ

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#မီဇိုရမ်ပြည်နယ်ရှိ လူငယ်အဖွဲ့အစည်းများ

#စစ်ဘေးရှောင်များ အခက်ကြုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly