အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေရဲ့တရားခံ (ဆောင်းပါး)

By ဓားရိုင်း
28 April 2023
အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေရဲ့တရားခံ (ဆောင်းပါး)

မြေပြင်ထိန်းချုပ်နိုင်မှုလျော့ကျလာတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာတာတွေ့ရပါတယ်။ အခုနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေမှာ လေကြောင်း ပစ်ကူမပါတဲ့ တိုက်ပွဲဆိုလို့ ခပ်ရှားရှားပါပဲ။ ဒါ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတိုက်ခိုက်မှုတွေကိုပါ စစ်ကောင်စီဘက်က ကျူးလွန်လာတာဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာဆိုရင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၁ ကြိမ် အထိမြင့်တက် လာခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုထားပါတယ်။ ၂၀၂၃ ခုနှစ် လေးလတာ အတွင်းမှာဆိုရင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော်လုပ်ထားပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ တိုက်ခိုက်မှု တွေကိုပါ ပိုမိုကျူးလွန်လာခဲ့တာ တွေ့ရပါတယ်။ လူပေါင်း ၁၇၀ နီးပါးသေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာတိုက်ခိုက်ခံရ တဲ့ဖြစ်စဉ်မတိုင်ခင်အထိ စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ပေါင်း အကြိမ်ရေ ၂၀၀ နီးပါးပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၆၀ လောက်သေဆုံးထားခဲ့တာဖြစ်ပါတယ်။ အကြမ်း ဖက် စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း လေကြောင်းစစ်ဆင်ရေးတွေကို A-5၊ G-4 နဲ့ K-8 အမျိုး အစား အပေါ့စား တိုက်လေယာဉ်တွေ၊ Mi-35၊ Mi-17၊ Mi-2 အစရှိတဲ့ လက်နက်တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ် အမျိုးအစားတွေကို အဓိကအသုံးပြုလေ့ရှိတယ်လို့ CDM အရာရှိတွေက ဆိုထားပါတယ်။ လေယာဉ်ပစ် စက်သေနတ်တွေ၊ ပခုံးထမ်းလောင်ချာတွေရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာမှာတော့ ဘက်စုံသုံး တိုက်လေယောဉ်နဲ့ ဗုံးကြဲလေယာဉ်တွေဖြစ်တဲ့ JF-17၊ Yak-130 နဲ့ Su-30 လေယာဉ်အမျိုးအစားတွေကို အဓိကအသုံးပြုနေတာဖြစ်ပါတယ်။ အာဏာသိမ်းထားတဲ့ ၂ နှစ် ကျော်ကာလအတွင်းမှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အရပ်သားထိခိုက်သေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက် မှုတွေကို ကြည့်မယ်ဆိုရင်တော့ လူ ၁၇၀ နီးပါးသေဆုံးခဲ့ရတဲ့ ပဇီးကြီးကျေးရွာတိုက်ခိုက်မှု၊ အရပ်သား ၈ ယောက် ထက်မနည်းသေဆုံးခဲ့တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာအုပ်စုက စာသင်ကျောင်းတိုက်ခိုက်မှု၊  သင်းအုပ်ဆရာတော် တစ်ပါးနဲ့ ၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် အရပ်သား ၅ ယောက်သေဆုံး ခဲ့တဲ့ ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်မြို့၊ လေးဝါးကျေးရွာ တိုက်ခိုက်မှု၊ KIA  တပ်မဟာမှူး အပါအဝင် အရာရှိ၊ စစ်သည်တွေ၊ အနုပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ အရပ်သား စုစုပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ်မြောက်ဘက်ရှိ အနန့်ပါရွာ တိုက်ခိုက်မှု၊ ကလေးငယ်တွေ အပါအဝင် ၇ ယောက် သေဆုံး ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၂၁ ယောက်အထိ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီး စာသင်ကျောင်း တိုက်ခိုက်မှု၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်ဖွဲ့ဝင်တွေ လက်နက်တွေ သယ်ဆောင်လာတယ်ဆိုပြီး လေကြောင်းစစ်ဆင်ရေးတွေလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ရင်ပေါင် တိုင်ကျေးရွာ တိုက်ခိုက်မှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေ ရင်ပေါင်တိုင်ကျေးရွာအတွင်း ၃ရက်ကြာ တပ်စွဲသွားခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာချိန်မှာ အသက် ၁၀ နှစ်နဲ့ ၁၇ နှစ်အရွယ် ကလေး ၂ ယောက် အပါအဝင် အရပ်သား ၁၇ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ အခုလို အရပ်သားထိခိုက် သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီကအရှိန်မြှင့်ပြီး ကျူးလွန်လာနေပေမယ့် ကုလ၊ အီးယူနဲ့ အာဆီယံတို့ရဲ့ တုံ့ပြန်နိုင်မှုတွေကတော့ ထိရောက်မှု မရှိသေးပါဘူး။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ NUG အစိုးရ ၂ နှစ်ပြည့်မိန့်ခွန်းမှာ နိုင်ငံ တကာအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးလက်နက်တွေ အမြန်ဆုံးအကူအညီပေးဖို့ တောင်းဆိုခဲ့သလို စစ်ကောင်စီကို စစ်လက်နက်ရောင်းချသူတွေနဲ့ လေယာဉ်ဆီရောင်းချသူတွေကိုလည်း အမြန်ဆုံးပိတ်ပင်တားဆီး နိုင်ဖို့လိုအပ်တယ်လို့ ပြောခဲ့တာ တွေ့ရပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW နဲ့ အာရှဖောင်ဒေးရှင်း တို့မှာ အဆင့်မြင့်တာဝန်တွေယူခဲ့ပြီး မြန်မာ့အရေးကို နှစ်ပေါင်းများစွာ အနီးကပ်စောင့်ကြည့်နေတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဒေးဗစ်မက်သီဆန်ကတော့ နိုင်ငံတကာအနေနဲ့ လေယာဥ်ပစ်လက်နက် အမျိုး အစားတွေ ပေးလာမယ် မထင်ဘူးလို့ ဆိုထားပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က တကယ်တမ်းလုပ်ပေး နိုင်တဲ့ အဖြစ်နိုင်ဆုံးအရာဟာ “early warning system” လို့ခေါ်တဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ကြိုတင် သတိပေးမှု စံနစ်မျိုးပဲ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကိုကြည့်မယ်ဆိုရင်ပဲ လက်နက်မပြောနဲ့ စစ်ကောင်စီအပေါ် ပြတ်ပြတ်သားသားအရေးယူဖို့ ထုတ်ပြန် ချက်မျိုး ထုတ်ဖို့ကိုတောင် တုံ့ဆိုင်းနေကြတာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန် ဦးဆောင်ပြီး စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်နေပေမယ့် တစ်ဖက်မှာပုံစံမျိုးစုံနဲ့ စစ်ကောင်စီကို ကူညီပေးနေတဲ့ နိုင်ငံတွေကလည်း ရှိနေသေးတာဖြစ်ပါတယ်။ အရပ်သားသေဆုံးမှုတွေကိုပါ ဆက်တိုက်ကျူးလွန်လာတဲ့ စစ်ကောင်စီလေတပ် အန္တရာယ်ကို ဟန့်တားနိုင်ဖို့အတွက် လေယာဉ်ဆီတင်သွင်းပေးနေသူတွေကို အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (အီးယူ)တို့က အရေးယူပိတ်ဆို့မှုတွေလုပ်နေပေမယ့်လည်း အရာမထင်ဘူးဖြစ်နေပါတယ်။ ပြီးခဲ့တဲ့မတ်လကုန်ပိုင်း မှာ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်တဲ့ ကုမ္ပဏီတချို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်က ကြေညာခဲ့ရာ မှာ စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းပေးနေသူတွေအနက် အကြီးဆုံးဖြစ်တဲ့ Asia Sun ကုမ္ပဏီလည်း ပါဝင်ခဲ့ တာတွေ့ရပါတယ်။ Asia Sun Group၊ Asia Sun Trading နဲ့ Cargo Link Petroleum Logistics တို့အပြင် Shoon Energy နဲ့ အဲဒီကုမ္ပဏီက ဒါရိုက်တာနဲ့ အစုရှယ်ယာရှင်လည်းပါဝင်ခဲ့တာပါ။ အဲဒီကုမ္ပဏီတွေဟာ စစ်ကောင်စီအတွက် လေယာဉ်ဆီထောက်ပံ့ပေးနေတဲ့အကြောင်းကို ဗြိတိန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ Amnesty International က ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းထုတ်ပြန်တဲ့ မရဏကုန်စည်(Deadly Cargo) အစီရင်ခံစာမှာ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လေတပ်ကို ထောက်ပံ့နေတဲ့ အဖွဲ့ အစည်းတွေထဲမှာ ရေနံနဲ့ ဓာတ်ငွေ့ဆိုင်ရာ ကုမ္ပဏီတွေဖြစ်တဲ့ Cheron, ExxonMobil, Rosneft, PetroChina နဲ့ Thai Oil တို့အပြင် ကိုရီးယားရေကြောင်းပို့ဆောင်ရေးလုပ်ငန်း Pan Ocean နဲ့ နော်ဝေက Wilhelmsen တို့လည်း ပါဝင်နေတာပါ။ စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးတဲ့ စွပ်စွဲချက်နဲ့ ပြည်တွင်းက Yangon Aerodrome၊ Asia Sun Energy၊ မြတ်မေတ္တာမွန်၊ Golden Myanmar Airlines၊ ရွှေဗျိုင်းဖြူ နဲ့ Brighter Energy ကုမ္ပဏီတို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမည်ပျက်စာရင်းကြေညာထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီတွေကတော့ နည်းမျိုးစုံနဲ့ စီးဆင်းနေတုန်းပဲဖြစ်ပါတယ်။ Justice For Myanmar (JFM)အဖွဲ့ကတော့ နိုင်ငံတကာအနေနဲ့ လေယာဉ်ဆီထောက်ပံ့ကုမ္ပဏီတွေအပြင် အဲဒီကွင်းဆက်ကို ထိန်းချုပ်နေတဲ့ နိုင်ငံပိုင်မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)ကိုပါ ပိတ်ဆို့အရေးယူသင့်တယ်လို့ဆိုထားပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီဘက်ကနေ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့အပြင် မြောက်ကိုရီးယားလိုနိုင်ငံမျိုးကလည်းပါဝင် ပတ်သက်နေတာကြောင့် နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေဟာ ထင်တိုင်းမပေါက်ဖြစ်နေတာလည်း ဖြစ်နိုင်ပါ တယ်။ ဒါကြောင့်လည်း အာဏာသိမ်း စစ်ကောင်စီရဲ့လေတပ်ဟာ စိတ်ထင်တိုင်းကြဲပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်နေနိုင်တာလို့ ထင်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အဓိက အမိန့်ပေးနေသူမှာ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်တယ်လို့တော့ စစ်ဘက်သတင်း ရင်းမြစ်တွေကဆိုထားပါတယ်။ အာဏာသိမ်း ဒုစစ်ခေါင်းဆောင်ရဲ့ အမိန့်ပေးမှုမှန်သမျှကို လိုက်ပါဆောင်ရွက်ပေး နေသူကတော့ စစ်ကောင်စီ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင် ပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကိုအနားပေးပြီးနောက် ဗိုလ်ချုပ်ကြီး ထွန်းအောင် လက်ထက်မှာ လေကြောင်းစစ်ဆင်ရေးတွေပိုမိုများပြားလာပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတိုက်ခိုက်မှုတွေကိုလည်း အမြောက်အများတွေ့လာရတာဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီ လေတပ်ကျူးလွန်နေတဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အဓိကတရားခံ ဘယ်သူလဲဆိုတာ အဖြေကရှင်းနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly