ကန်ပက်လက် ထွေအုပ်ရုံးစောင့် စစ်ကောင်စီတပ်ဖွဲ့ကို CDF တိုက်ခိုက်၊ ၁ဦးသေ ၂ဦးဒဏ်ရာရဟုဆို

By ပါခွီး (မဇ္စျိမ)
28 April 2023
ကန်ပက်လက် ထွေအုပ်ရုံးစောင့် စစ်ကောင်စီတပ်ဖွဲ့ကို CDF တိုက်ခိုက်၊ ၁ဦးသေ ၂ဦးဒဏ်ရာရဟုဆို

ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ဧပြီလ ၂၇ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်သားများကို ဧပြီလ ၂၆ရက် နံနက် ၉နာရီမှစတင်၍ မိနစ်၃၀ခန့်ကြာ  သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်းက မဇ္စျိမ ကိုပြောသည်။

“ကျနော်တို့တပ်ဖွဲ့တွေ ကြိုတင်ပြင်ဆင်ပြီးမှ သွားရောက်ပစ်ခတ်ခဲ့တာပါ။  နာရီဝက်လောက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်” ဟု ဆလိုင်းထွန်းလိန်းက ဆိုသည်။

အဆိုပါ ထွေအုပ်ရုံးတွင် စစ်ကောင်စီတပ်မှ အင်အားပုံသေမရှိဘဲ တိုက်ပွဲဖြစ်ပွားချိန်တွင် ၃၀ဦးခန့်ရှိနိုင်ကြောင်း တပ်မဟာမှူးဆလိုင်းထွန်းလိန်းက သုံးသပ်ပြောဆိုသည်။စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် ဧပြီလ ၂၆ရက် ညပိုင်းအထိ စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ပေါ်သို့ လက်နက်ကြီးများ  ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။ သို့သော် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းဆလိုင်းထွန်းလိန်းက ပြောသည်။

ဧပြီလ ၂၀ရက်နေ့ကလည်း ကန်ပက်လက်မြို့၊  အမှတ် (၁) အ.ထ.က ကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း CDF – Kanpetlet ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကန်ပက်မြို့တွင် မြို့မရဲစခန်း၊ရန်အောင်စေတီကုန်းဘုန်းကြီးကျောင်း၊ အမှတ် (၁) အ.ထ.က ကျောင်း၊ ပညာရေးမှူးရုံး နှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၂၀၀ ခန့်တပ်စွဲထားကြောင်းသိရသည်။

စစ်ကောင်စီတပ်စွဲထားသည့်နေရာများ မကြာခဏ တိုက်ခိုက်ခံနေရသဖြင့် ကန်ပက်လက်မြို့ ပေါ်တွင် အစစ်အဆေးများ တင်းကြပ်လျက်ရှိကြောင်းသိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly