ကင်းမွန်းချောင်းရဲစခန်း ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးချ တိုက်ခိုက်ခံရ

By ဂျူချန်း (မဇ္ဈိမ)
28 April 2023
ကင်းမွန်းချောင်းရဲစခန်း ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးချ တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်းမွန်းချောင်းကျေးရွာ နယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးသီး ၁၀လုံးချ တိုက်ခိုက်ခံရကာ ရဲစခန်း မီးလောင်ပျက်စီးသွားကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

ကင်းမွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ ညနေ ၄နာရီ ခွဲဝန်းကျင်တွင် ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးသီး ငါးလုံး ချတိုက်ခိုက်ခဲ့သဖြင့် ရဲစခန်းမီးလောင်ခဲ့ပြီး အဆိုပါမီးလောင်မှုကို မီးသတ်ကားနှစ်စီးဖြင့် လာရောက်ငြိမ်းသတ်နေစဉ် ညနေ ၅နာရီကျော်ခန့်တွင် ဒရုန်းဖြင့် နောက်ထပ် နှစ်ကြိမ် ဗုံးသီး ငါးလုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့ ပြန်ကြားရေးတာဝန်ခံမှ သိရသည်။ 

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ကင်းမွန်းချောင်း ရဲစခန်းတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ််မှုများ ရှိကြောင်း ဆိုသည်။

“ပစ်တာတော့ သွားလုပ်တဲ့အချိန်မှာ အနည်းငယ်ပဲ ပြန်ပစ်နိုင်တယ်။ ပူးပေါင်းအဖွဲ့တွေ လုံခြုံတဲ့နေရာရောက်ပြီးတာတောင် သူတို့ပစ်နေတုန်းပဲဗျ။ သွားလုပ်တဲ့အချိန်မှာ လက်နက်ကြီးနဲ့ လက်နက်ငယ်က သုံးလေးချက်ထက် မပိုဘူးဗျ။ ပြီးသွားမှ လိုက်ရမ်းပစ်နေတာမျိုးကတော့ ဆက်တိုက်ပဲ။ ကျွန်တော်တို့ စုံစမ်းသိရှိရသလောက်ဆို သူတို့ မနေ့ညနေ ၆ နာရီ ခွဲကျော်တဲ့ထိ ပစ်ခတ်နေတုန်းပဲဗျ” ဟု KRF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကင်းမွန်းချောင်းနယ်မြေရဲစခန်းပိုင်းမှ လက်နက်ကြီးနှင့် ပစ်ခတ်သံများ ကြားရသော်လည်း လုံခြုံရေးကြောင့် သွားမကြည့်နိုင်သဖြင့် အသေးစိတ်ကိုမူ မသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲစခန်းမီးလောင်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုရှိမရှိကိုမူ ဆက်လက်စုံစမ်းနေသည်ဟု တော်လှန်ရေးအဖွဲ့များမှပြောသည်။

 အဆိုပါ ဗုံးသီး ၁၀လုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကင်းမွန်းချောင်းရဲစခန်း မီးလောင်ပျက်စီးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ထားသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်းမွန်းချောင်းနယ်မြေရဲစခန်းသည် တော်လှန်ရေး အင်အားစုများက မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိကြောင်း ဆိုသည်။ 

“ရဲစခန်းကတော့ မကြာခဏပါပဲ။ ကျွန်တော်တို့အဖွဲ့ သွားပစ်တာရှိသလို တခြား တလရ၊ အအစ တွေလည်း သွားပစ်တာမျိုးရှိတယ်။ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ဖူးတယ်” ဟု KRF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

ယခု တိုက်ခိုက်မှုအား KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့၊ ကျိုက်ထို တော်လှန်ရေးအင်အားစု၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်)၊ Thathon PDF၊ ကျိုက်ထို နှင့် ဘီးလင်း ပ.က.ဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly