သံတောင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိ၍ အဖွားအို ဒဏ်ရာရ

By YT  ( မဇ္ဈိမ)
27 April 2023
သံတောင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိ၍ အဖွားအို ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး( KNU)၍ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃) မိုင်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အဖွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ ည ၈ နာရီဝန်းကျင်မှစ၍ သံတောင်မြို့ ၁၃ မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှ ၁၂၀ မမ အမျိုးအစား လက်နက်ကြီး ခုနစ်လုံးခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုလက်နက်ကြီးကျည်များသည် သံတောင်မြို့ ဒေမူးလောရပ်ကွက်နှင့် အိုပီကုန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်မှ ပစ်ခတ်သော ထိုလက်နက်ကြီးကျည် ကျရောက်မှုကြောင့်  အိမ်နှစ်လုံးခေါင်းမိုးပြိုကျပျက်စီးခဲ့ပြီး ဒေမူးလောကျေးရွာနေ အသက် ၆၀ အရွယ် အဖွားတစ်ဦး​၏ ပေါင်တွင် ထိခိုက်ဒဏ်ရာရခဲ့ကာ တောင်ငူဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ 

" အခုတော့ တောင်ငူဆေးရုံမှာ ဆေးကုသနေပါတယ်။ နည်းနည်းတော့သက်သာလာပါပြီ။ အမိုးက အိမ်ထဲမှာနေတာပါ။ အိမ်ပေါ်မှာ လက်နက်ကြီးကျလို့ အိမ်ခေါင်မိုးပြိုကျချိန် အိမ်အောက်ပြေးဆင်းရင်း ထိတာပါ" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

စစ်ကောင်စီတပ်က သံတောင်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမတိုင်ခင် ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီခန့်က သံတောင်မြို့ (၇) မိုင်၊ ကျောက်တိုင်လမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲဲ့ခြင်းရှိပြီး တစ်ပွင့် ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

" ဒီဘက်က သွားပစ်ခဲ့တာရှိတယ်။ (၇) မိုင်က စခန်းကို သွားပစ်ခဲ့တာ။ အဲ့ဒါပြီးတာနဲ့ (၇) မိုင်စခန်းကနေရော (၁၃) မိုင်ကနေပါ ပစ်တာ " ဟု KNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

သံတောင်ကြီးမြို့နယ်မှ ဒေသခံများသည် ပြီးခဲ့သည့်  ဖော်ဖော်ဝါရီလမှစ၍ စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှု၊ နေအိမ်များအား မီးရှို့မှု၊ သေခံများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကြောင့် နေအိမ်စွန့်ခွာ၊ စစ်ဘေးရှောင်နေကြရပြီး ပြီးခဲ့သည့် ရက်ပိုင်းကမှ နေအိမ်များတွင် ပြန်လည်နေထိုင်ကြခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ပစ်ခတ်မှုများကြောင့် ထပ်မံတိမ်းရှောင်ကြရန် စီစဉ်နေကြရကြောင်း ဒေသခံတစ်ဦးထံက သိရသည်။ 

" ကျွန်တော်တို့ကတော့ ပြန်မနေသေးပါဘူး၊ မပြန်လို့ ဘာမှမဖြစ်ဘူးလေ။ ပြန်သွားကြတဲ့သူတွေလည်း ပြန်လာဖို့ စီစဉ်နေကြပြီ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မှစတင်၍ သံတောင်မြို့ (၁၃) မိုင်တွင် ဘာသာပေါင်းစုံကော်မတီသည် စစ်ကောင်စီတပ်နှင့် တွေ့ဆုံ၍ စစ်ဘေးရှောင်နေရသော ဒေသခံများ နေရပ်တွင် ပြန်နေခွင့်ရရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required