ဆေးယဉ်ပါးတီဘီရောဂါ လူနာများကို တီဘီဆေးအသစ်ဖြင့် စတင်ကုသမည်

ဆေးယဉ်ပါးတီဘီရောဂါ လူနာများကို တီဘီဆေးအသစ်ဖြင့် စတင်ကုသမည်
ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ)အတွင်း တီဘီရောဂါဌာနတစ်ခုအား တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ မတ် ၂၅ ။             ။ မြန်မာနိုင်ငံရှိ ဆေးယဉ်ပါး တီဘီရောဂါ လူနာများကို တီဘီဆေးအသစ် နှစ်မျိုးဖြစ်သည့် bedaquiline နှင့် delamanind တို့ ဖြင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)နှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့ (NTP) တို့မှ ကုသတော့မည်ဟုထုတ်ပြန်ကြေညာလိုက်သည်။

ယင်းဆေးများမှာ လက်ရှိ ကုထုံးများကို ယဉ်ပါးနေသည့် လူနာများ၊ ဘေးထွက်ဆိုးကျိုးဒဏ်ကို မခံနိုင်သည့် လူနာများအတွက် အဆင်ပြေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဆေးယဉ်ပါးလူနာများ အနေဖြင့် သောင်းချီသော ဆေးလုံးများကို ၂ နှစ်တာ မဖြစ်မနေသောက်နေရသည်။ ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးဒဏ်များကို ခံစားနေရသော်လည်း ပျောက်ကင်းကုသနိုင်သည့် နှုန်းမှာ ၅၀
ရာခိုင်နှုန်းသာရှိသည်။

ဘေးထွက်ဆိုးကျိုးဒဏ်ကြောင့် အသက်အန္တရယ်ဖြစ်ပေါ်လာနိုင်၍ ကုသမှု ရပ်ဆိုင်းလိုက်ရသည့် လူနာများ အစွမ်းထွက်ဆေးဝါးများ မတိုးတော့သည့် ပြင်းထန်ဆေးယဉ်ပါးအဆင့်လူနာများကို ပထမဦးစားပေးလူနာအဖြစ် ဆေးဝါးသစ်များဖြင့် ကုသပေးမည်ဖြစ်သည်။

MSF အဖွဲ့၏ end TB implementor ဒေါက်တာ ခင်ငြိမ်းငြိမ်းက “နှစ်ပေါင်း ၅၀ ကျော်အတွင်း ရလာတဲ့ ပထမဆုံး တီဘီဆေးအသစ်တွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တကယ့်ကို အခြေအနေဆိုးနေတဲ့ လူနာတွေကို ကုသခွင့်ရတဲ့အပေါ် ကျေနပ်မိပါတယ်”ဟု ပြောသည်။

ကနဦးအနေဖြင့် ဆေးယဉ်ပါးတီဘီရောဂါနှင့် အိတ်ချ်အိုင်ဗွီ ရောဂါ တွဲဖက်ဖြစ်ပွားနေသည့် တီဘီလူနာ ၁၀ ဦးကို တီဘီဆေးအသစ်များ ပေးသွားမည်ဖြစ်သည်။

MSF၏ မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးညွှန်ကြားရေးမှူး ဒေါက်တာ နာနာဇာကူရာက “တစ်ကယ့် အဓိက အချက်ကတော့ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းအဖြစ် ပိုမိုကောင်းမွန်တဲ့ ကုသမှုတွေရဖို့အတွက် ထောက်ပံ့ပေးနေပြီး တကယ့်ကို အရေးတကြီး လိုအပ်နေတဲ့ လူနာတွေအတွက် ဆေးအသစ်ရဖို့ ကြိုးစားအားထုတ်မှုတွေကို ဦးဆောင်နေပါတယ်”ဟုပြောသည်။

ယခုနှစ်အတွက် ကမ္ဘာ့တီဘီရောဂါနေ့ ဆောင်ပုဒ်မှာ “တီဘီရောဂါကင်းဝေးဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့”ဟူ၍ဖြစ်သည်။

တီဘီရောဂါသည် ကုသပျောက်ကင်းနိုင်ပြီး နှစ်စဉ် ကမ္ဘာပေါ်တွင် လူဦးရေ ၁.၅သန်းကျော်ခန့်သေဆုံးနေပြီး အသစ်ဖြစ်ပွားနေသည့် တီဘီဆေးယဉ်ပါးပုံစံသည် နှစ်စဉ် လူဦးရေ ငါးသိန်းခွဲခန့်တွင် သက်ရောက်မှုရှိနေသည်။

၂၀၁၅ ခုနှစ်တွင် MSF မှ မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗွီနှင့် တီဘီရောဂါ တွဲဖက်ဖြစ်ပွားနေသူ လူနာ ၁၃၃၅ ဦးခန့်ကို ကုသမှုပေးခဲ့ပြီး၊ ၂၀၁၅ နှစ်ကုန်အထိ အိတ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါးတီဘီရောဂါ တွဲဖက်ဖြစ်ပွားသူ လူနာ ၁၁၇ ခန့်ကို ကုသမှုပေးနေဆဲဖြစ်သည်။

MSF ၏ ပထမဆုံး ဆေးယဉ်ပါးတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းကို ၁၉၉၉ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ အဖွဲ့အစည်းအနေ ဖြင့်လည်း ကမ္ဘာပေါ်တွင် ဆေးယဉ်ပါးတီဘီရောဂါ   စောင့်ရှောက်မှု   ပေးနေသော  အစိုးရမဟုတ်သည့် အကြီးဆုံး အဖွဲ့အစည်း တစ်ခု ဖြ စ်သည်။ ၂၀၁၄ ခုနှစ်တွင် MSF မှ တီဘီရောဂါကုသမှုကို နိုင်ငံပေါင်း ၂၄ နိုင်ငံကျော်တွင် ဆောင်ရွက်နေပြီး၊ လူနာ ၂၃,၀၀၀ ကျော် ကုသမှုပေးခဲ့ရာတွင် ဆေးယဉ်ပါးတီဘီလူနာ ၁၈၀၀ ကိုလည်း ကုသပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly