အမေရိကန်-ဖိလစ်ပိုင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု၌ သင်္ဘော ၁ စင်းအား ဒုံးကျည်များဖြင့် ပစ်ခတ်

အမေရိကန်-ဖိလစ်ပိုင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု၌ သင်္ဘော ၁ စင်းအား ဒုံးကျည်များဖြင့် ပစ်ခတ်

အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု၏ နောက်ဆုံးအခေါက်၌ နှစ်နိုင်ငံ မဟာမိတ်တပ်ဖွဲ့များသည် အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ဗုဒ္ဓဟူးနေ့က ရန်သူရေယာဉ်အဖြစ် ကိုယ်စားပြုသော စစ်သင်္ဘောတစ်စင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

တရုတ်နိုင်ငံက အားလုံးနီးပါး ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော အငြင်းပွား တောင်တရုတ်ပင်လယ် ရေပြင်တွင် အမေရိကန်နှင့် ဖိလစ်ပိုင်တို့က ကျည်စစ်ဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပထမဆုံးလည်း ဖြစ်သည်။

မနီလာ မြောက်ပိုင်းက ယခု စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုနေကြသည့် အမေရိကန်နှင့် ဖိလစ်ပိုင် တာဝန်ရှိသူများနှင့်အတူ အမေရိကန်နှင့် ကာကွယ်ရေး ပူးပေါင်းမှု ခိုင်မာအားကောင်းရန် ကြိုးပမ်းနေသော သမ္မတ ဖာဒီနန် မာကို့စ်ကလည်း ကြည့်ရှုမှုစင်မြင့်ထက်၌ ထိုင်နေသည်ကို မြင်တွေ့ရသည်။

“ဒီမနက်ဟာ ဟောလိဝုဒ် ဇာတ်ကားတွေထဲက အထူးပြုလုပ်ချက်တွေ မဟုတ်ပါဘူး၊ တကယ် ကျည်စစ်နဲ့ စစ်ရေးလေ့ကျင့်မှုပဲ ဖြစ်ပါတယ်”ဟု အမေရိကန် မရိန်းကော်ပိုရေးရှင်းမှ ပြည်သူ့ဆက်ဆံရေး အရာရှိ  ဒုတိယ ဗိုလ်မှူးကြီး နစ် မန်ဝေလာက ပြောသည်။

ယခု ကျည်စစ်ဖြင့်  စစ်ရေးလေ့ကျင့်မှုတွင် US HIMARS ပစ်မှတ်တိကျ ဒုံးကျည်စနစ်ပါ ပါဝင်ပြီး ကမ်းခြေမှ ၁၄ မိုင်အကွာတွင် ကျောက်ချထားသော ဖိလစ်ပိုင် ရေတပ်မှ အသေးစား စစ်သင်္ဘောငယ်အပျက်ကို ဒုံးကျည်များ ပစ်ခတ်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင် ကမ်းရိုးတန်းသို့ ချည်းကပ်လာသည့် ရန်သူရေယာဉ်အဖြစ် သတ်မှတ်ကာ အဆိုပါ သင်္ဘောအား အမေရိကန် မရိန်းတပ်မှ F-35B Lighting 2 တိုက်လေယာဉ်ဖြင့် ပဲ့ထိန်းဗုံးများ ကြဲကာ နှစ်မြုပ်ခဲ့သည်ဟု အမေရိကန်စစ်တပ် ပြောခွင့်ရသူတစ်ဦးက အီးမေးလ်ဖြင့် ပြောသည်။

ယခု စစ်ရေးလေ့ကျင့်မှုမှာ ဒေသတွင်း၌ တရုတ်၏ ငါတကော ကောမှု ကြီးထွားလာချိန် အာရှမဟာမိတ် ဖိလစ်ပိုင်အား အမေရိကန်က ထောက်ခံအားဖြည့်မှုအဖြစ် ဖိလစ်ပိုင်၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်သည်။

Balikatan သို့မဟုတ် “ပုခုံးချင်းယှဉ်လျက်” ဟု အမည်ပေးထားသော နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု၌ တပ်ဖွဲ့ဝင်အင်အား ၁၈,၀၀၀ ခန့် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required