အလုပ်ရှာရန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၄၂ ဦး အဖမ်းခံရ

By ဘန်ကောက်ပို့စ်
27 April 2023
အလုပ်ရှာရန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာ ၄၂ ဦး အဖမ်းခံရ

မြန်မာနိုင်ငံမှ အလုပ်အကိုင်ရှာဖွေသူ မြန်မာနိုင်ငံသား ၄၂ ဦးသည် ဧပြီ ၂၆ ရက် ညပိုင်းက တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ဆန်ခလာ ဘူရီ ခရိုင်ထဲသို့ ဝင်ရောက်ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဆုန် ကာလီယာ ကျေးရွာအနီး သစ်တောထူသည့် ဧရိယာတစ်ခုတွင် သံသယဖြစ်ဖွယ် လူတစ်စုကို တွေ့ရှိကြောင်း သတင်းပေးမှုကြောင့် ထိုင်းစစ်သားများ၊ နယ်စပ်ကင်းလှည့်ရဲတပ်ဖွဲ့နှင့် လူဝင်မှု အရာရှိများကို စေလွှတ်ဖြန့်ကျက်ခဲ့ကြောင်း ထိုင်းစစ်တပ်၏ Lat Ya အထူးတပ်ဖွဲ့မှ ဒုတပ်မှူး ဗိုလ်မှူးကြီး သက်ချာဒက် အာဘူရာရတ်က ပြောသည်။

ယင်းနောက် ထိုင်းတာဝန်ရှိသူများ ရောက်ရှိသွားချိန်တွင် အဆိုပါနေရာတွင် မည်သူမှ မရှိတော့ပေ။ လူစုသည် ဝတ်ဝမ် ဝစ်ဝီကာရမ်အရပ်ရှိ ဆိပ်ခံတံတားဆီသို့ ဦးတည်ရင်း ကားတစ်စီးဖြင့် လိုက်ပါသွားကြောင်း အလားတူ သတင်းပေးဖြစ်သူက ထိုင်းတာဝန်ရှိသူများကို ပြောသည်။

ထိုင်းတာဝန်ရှိသူများ ထပ်မံ လိုက်လံရှာဖွေရာတွင် ဆိပ်ခံတံတားနောက်ရှိ ဗာဂျီရာလောင်ကွန်း ဆည်အနီး စုဝေးရှိနေသည့် အမျိုးသားများနှင့် အမျိုးသမီးများကို တွေ့ခဲ့သည်။

ထိုင်းတာဝန်ရှိသူများကို တွေ့တွေ့ချင်း ၎င်းတို့က အနီးအနားရှိ သစ်တောထဲ ဝင်ပြေးခဲ့ကြသည်ဟု သိရသည်။

ယင်းနောက် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၅ ဦး အပါအဝင် လူ ၄၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

အားလုံးသည် ခရီးသွား အထောက်အထား စာရွက်စာတမ်းများ မပါသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

ထိုင်းတာဝန်ရှိသူများက စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့သည် မြန်မာနိုင်ငံ မန္တလေး၊ ပဲခူး၊ ရန်ကုန်နှင့် အခြားနေရာဒေသများမှ လာသူများဖြစ်ကြောင်း ပြောသည်ဟု သိရသည်။

၎င်းတို့သည် သဘာဝ တောလမ်းကို ဖြတ်ပြီး ဆန်ခလာ ဘူရီခရိုင်ထဲ ဝင်လာခဲ့ကြပြီး အလုပ်ရမည်ဟု ပွဲစားများ ကတိပေးထားသော ဘန်ကောက်၊ ချွန်ဘူရီ၊ ဖူးခက်၊ ဆမွတ် ပရာကန်၊ ဆမွတ် ဆာခွန်းနှင့် ရယောင် တို့ထံ ဦးတည်ခဲ့ကြခြင်း ဖြစ်သည်။

တချို့သည် မလေးရှားတွင် အလုပ်ရမည် ဆိုပြီး ကတိပေးခံထားရသူများ ဖြစ်သည်။

အဆိုပါ မြန်မာရွှေ့ပြောင်းများသည် အလုပ်ရှာပွဲစားများထံ တစ်ဦးလျင် ထိုင်းဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အကြား ပေးရန် သဘောတူထားခဲ့သည်ဟု တာဝန်ရှိသူများကို ပြောသည်။

၎င်းတို့၏ သတ်မှတ်ခရီးဆုံးနေရာများကို ရောက်ချိန်မှသာ ထိုငွေကို ပေးရမည် ဖြစ်သည်။

ယင်းနောက် ထိုင်းတာဝန်ရှိသူများက ၎င်းတို့ကို COVID-19 စစ်ဆေးခြင်းအတွက် ခန္ဓာကိုယ်အပူချိန်တိုင်း စစ်ဆေးမှုများ လုပ်ခဲ့ရာ အားလုံးသည် ပုံမှန်အတိုင်း ရှိခဲ့သည်ဟု သိရသည်။

ယင်းနောက် ၎င်းတို့ကို ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆက်လက်အရေးယူရန် ဆန်ခလာ ဘူရီ ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်အကြာက စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး အခြေအနေများ အတော်ပင် ယိုယွင်းဆိုးရွားနေခဲ့သည့်အတွက် မြန်မာနိုင်ငံဘက်မှ နေ့စဉ်နေ့တိုင်း ဆိုသလို ရွှေ့ပြောင်းအလုပ်သမား အများအပြားသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ဆက်လက်ဝင်ရောက်မှုများ ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly