KNU တပ်မဟာ(၆)နယ်မြေ မတ်လ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံး

By YT  ( မဇ္ဈိမ)
27 April 2023
KNU တပ်မဟာ(၆)နယ်မြေ မတ်လ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၁ ဦး သေဆုံးခဲ့ကြောင်း ဧပြီလ ၂၆ ရက်နေ့၌ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။ 

မတ်လ တစ်လအတွင်း တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅၁ ဦးသေဆုံး၍ ၂၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်သား ၁၇ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

မတ်လ တိုက်ပွဲများတွင် တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းဘက်မှလည်း ရဲဘော် လေးဦး ကျဆုံး၍ ရဲဘော်  ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

" စစ်ကောင်စီတပ်သည် နေ့စဥ်နှင့်အမျှ ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်"ဟု  ဖော်ပြထားသည်ကို တွေ့ရသည်။ 

ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီတပ်သားများသည် တပ်မဟာ (၆) နယ်မြေရှိ ကျေးရွာများအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၇ ကြိမ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ၂၁၄ ကြိမ်ခန့်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ကိုးဦး သေဆုံး၍ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအပါအဝင် ၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ထိုပစ်ခတ်မှုများကြောင့် စာသင်ကျောင်းနှစ်ကျောင်း၊ ဘုန်းကြီးကျောင်း သုံးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းနှင့် ဒေသခံပြည်သူနေအိမ် အလုံးရေ ၃၆၀ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် မတ်လအတွင်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အစရှိသော ဒေသခံပြည်သူ ၂၄,၀၂၁ ဦးသည် နေအိမ်စွန့်ခွာ၍ စစ်ဘေးရှောင်ခဲ့ကြရကြောင်း သိရသည်။ 

စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့အပြင် ဒေသခံများ​၏ နေအိမ်၊ ပစ္စည်းများအား မီးရှို့ခြင်း၊ ဒေသခံများအား ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို နေ့စဉ်ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required