မြန်မာထံ လှူဒါန်းထားသော သင်္ဘောများကို စစ်ကောင်စီ အသုံးပြုမှုအပေါ် ဂျပန် ပြစ်တင်ဝေဖန်

မြန်မာထံ လှူဒါန်းထားသော သင်္ဘောများကို စစ်ကောင်စီ အသုံးပြုမှုအပေါ် ဂျပန် ပြစ်တင်ဝေဖန်

ဂျပန်နိုင်ငံက အထူး ဖွံ့ဖြိုးမှု အကူအညီအစီအစဉ်တစ်ခုမှတစ်ဆင့် မြန်မာကို လှူဒါန်းပေးထားသည့် ခရီးသည်တင် သင်္ဘောများကို အာဏာသိမ်းစစ်ကောင်စီက စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုခဲ့ကြောင်း သိရှိအတည်ပြုပြီးနောက် ဂျပန်အစိုးရသည် မြန်မာထံ တရားဝင် ကန့်ကွက်ထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရားဝင် ဖွံ့ဖြိုးတိုးတက်မှု အကူအညီ ODA အစီအစဉ်သည် စစ်ဘက် မဟုတ်သော အကူအညီအဖြစ် ကန့်သတ်ထားသည့်အတွက် ယခုကဲ့သို့ စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုမှုမျိုး ထပ်မဖြစ်စေရန် ဂျပန်ဘက်က တောင်းဆိုထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများက ပြောသည်။

အလုပ်သမားများနှင့် ကျောင်းသားများအတွက် ပို့ဆောင်ရေး ရေယာဉ်များအဖြစ် အသုံးပြုရန် ODA အစီအစဉ်မှတစ်ဆင့် ၂၀၁၇ တွင် တစ်ပတ်ရစ် သင်္ဘောနှစ်စင်း၊ ၂၀၁၉ တွင် သင်္ဘောအသစ် တစ်စင်း အပါအဝင် ခရီးသည်တင် လူစီးသင်္ဘော သုံးစင်းကို ဂျပန်က မြန်မာကို လှူဒါန်းပေးအပ်ထားခဲ့သည်။

သို့သော် သင်္ဘောများကို မြန်မာစစ်တပ်က အသုံးပြုထားကောင်းထားနိုင်ကြောင်း စက်တင်ဘာလက ပြည်တွင်းမီဒီယာ၏ ရေးသားဖော်ပြမှုများ ထွက်ပေါ်ပြီးနောက်တွင် အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သော နိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် ဆောင်းရာသီက စစ်သားများနှင့် လက်နက်များကို သယ်ယူပို့ဆောင်ရန် သင်္ဘောနှစ်စင်းကို အသုံးပြုခဲ့သည်ဟု ဂျပန်ဝန်ကြီးဌာနက အတည်ပြုနိုင်ခဲ့သည်။

အစီအစဉ် စည်းမျဉ်းများကို ထပ်မံ ချိုးဖောက်မည် မဟုတ်ဟု မြန်မာက ဂျပန်ကို ကတိပေးထားကြောင်း ဂျပန်ဝန်ကြီးဌာနအရာရှိများက ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဂျပန်သည် မြန်မာအတွက် ဖွံ့ဖြိုးရေး အကူအညီ စီမံကိန်းအသစ်ကို ရပ်ဆိုင်းထားခဲ့သည်။ သို့သော် ဂျပန်သည် နိုင်ငံအတွင်း ထူထောင်ထားသည့် ယင်း၏ ရှိရင်းစွဲ ODA ပရောဂျက်များကို ဆက်လက်ထိန်းသိမ်းထားသည်။

ယင်းနောက် နိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူမဆန် ရက်စက်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေစဉ် အကူအညီ ပေးအပ်မှုကို မရပ်ဆိုင်းခြင်းအတွက် ဂျပန်အနေဖြင့် ဝေဖန်ခြင်းခံထားရသည်။

ဖွံ့ဖြိုးရေး ပရောဂျက်တစ်ခုအတွက် အစိုးရက လုပ်ငန်းအပ်နှံထားသည့် ဂျပန်ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် မြန်မာကုမ္ပဏီတစ်ခုထံ ဒေါ်လာ ၂ သန်း (ယန်းငွေ ၂၆၀ သန်း) ပေးအပ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ HRW ထံမှ သိရသည်။
မြန်မာစစ်တပ်ကို အကျိုးအမြတ် ဖြစ်ထွန်းစေမည့် လူသားချင်းစာနာမှု အကူအညီ မဟုတ်သော အကူအညီမှန်သမျှကို ရပ်ဆိုင်းထားရေး လူ့အခွင့်အရေး အဖွဲ့က ဂျပန်ကို တောင်းဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly