ရွှေဝါရောင်လှုပ်ရှားမှု၌ သေဆုံးသူ ဂျပန်သတင်းထောက်၏ ကင်မရာကို ၁၆ နှစ်ကြာပြီးနောက် မိသားစုထံ ပြန်လည်ပေးအပ်

ရွှေဝါရောင်လှုပ်ရှားမှု၌ သေဆုံးသူ ဂျပန်သတင်းထောက်၏ ကင်မရာကို ၁၆ နှစ်ကြာပြီးနောက် မိသားစုထံ ပြန်လည်ပေးအပ်

မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က စစ်တပ်ဆန့်ကျင်သော ဆန္ဒပြပွဲများကို သတင်းမှတ်တမ်းရယူသည့် ဂျပန်သတင်းထောက် ခန်းဂျိ နာဂအိ မြန်မာစစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ချိန် ၎င်း ရိုက်ကူးခဲ့သည့် နောက်ဆုံး ရုပ်ပုံများနှင့်အတူ ၎င်း၏ ဗီဒီယိုကင်မရာမှာ ပျောက်ဆုံးခဲ့သည်။

ယင်းနောက် ၁၆ နှစ်ကြာပြီး ယမန်နေ့ ဧပြီ ၂၆ ရက်တွင် ထိုကင်မရာနှင့် ယင်းတွင် ပါရှိသည့် မှတ်တမ်းများကို နာဂအိ၏ မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ပြီဖြစ်သည်။ ကင်မရာရုပ်သံမှတ်တမ်းတွင် နာဂအိ၏ နောက်ဆုံးအချိန်အခိုက်အတန့်များနှင့်ပတ်သက်သည့် သဲလွန်စများ ရှိနေလိမ့်မည်ဟု မိသားစုက မျှော်လင့်ထားသည်။

ဂျပန်သတင်းထောက် နာဂအိသည် ယခင်စစ်အစိုးရကို ဆန့်ကျင်သည့် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြပွဲကို APF သတင်းဌာနအတွက် သတင်းမှတ်တမ်းရယူရန် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ APF သတင်းဌာနသည် အန္တရာယ်ဇုန်များ၌ သတင်းအစီရင်ခံမှုများကို အထူးတလည် လုပ်ဆောင်သည့် တိုကျိုအခြေစိုက် သတင်းအေဂျင်စီငယ်တစ်ခု ဖြစ်သည်။

နာဂအိသည် ၂၀၀၇ ၊ စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်၏ ကျော်ကြားသော ဆူးလေ ဘုရားအနီး ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်ခဲ့မှုအတွင်း သေဆုံးခဲ့ပြီး ယင်းက မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ လူမဆန် ရက်စက်သော ဖြိုခွင်းနှိမ်နင်းမှုအပေါ် နိုင်ငံတကာ အာရုံစိုက်မှုကို ပြန်လည်ဖြစ်ပေါ်စေခဲ့သည်။

နာဂအိ လမ်းပေါ်တွင် လဲကျနေပြီး ခြေရင်းတွင် တိုက်ခိုက်ရေးယူနီဖောင်းနှင့် ကြိုးသိုင်းဖိနပ်စီးထားသော စစ်သားတစ်ဦးက သေနတ်ကိုင်ဆောင်ကာ ရပ်နေသည့် ဓာတ်ပုံတစ်ပုံက ၂၀၀၈ ခုနှစ်တွင် ပူလစ်ဇာဆု ရခဲ့သည်။

နာဂအိ၏ ညီမဖြစ်သူ နိုရီကို အိုဂါဝါက သူမ၏ အကိုဖြစ်သူ၏ ကင်မရာကို ပြန်လည်ရရှိသည့်အတွက် ဝမ်းသာပီတီအပြည့်ဖြင့် စိတ်လှုပ်ရှားမိကြောင်း ဧပြီ ၂၆ ရက်တွင် ပြောသည်။

ထိုကင်မရာကို ပြန်ရရန် သူမ၏ တောင်းဆိုမှုကို မြန်မာအာဏာပိုင်တို့က လျစ်လျူရှုထားခဲ့ပြီးနောက် ထိုကင်မရာရုပ်သံကို မြင်တွေ့ရမည့် မျှော်လင့်ချက်ကို စွန့်လွှတ်ထားခဲ့ကြောင်း သူမက ပြောသည်။

“ကျွန်မ အကိုလည်း ဒီနေ့ကို စောင့်နေလိမ့်မယ်လို့ ထင်ပါတယ်” ဟု သူမက ပြောသည်။

“ကျွန်မ ဒါကို သူအုတ်ဂူဆီ ယူသွားချင်တယ်”

နာဂအိ သေဆုံးမှုနှင့်ပတ်သက်ပြီး မည်သူ့ကိုမှ တရားစွဲဆိုခဲ့ခြင်း မရှိဘဲ ယင်းသေဆုံးမှုက “မတော်တဆ” ဖြစ်စဉ်ဟု မြန်မာတာဝန်ရှိသူများက ထုတ်ဖော်ခဲ့သည်။

သို့သော် ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် အလောင်း ခွဲစိတ်စစ်ဆေးမှုအရ နာဂအိသည် အကွာအဝေး တစ်မီတာ (သုံးပေ) ခန့်ကနေ အနီးကပ်ပစ်သတ်ခံရခြင်း ဖြစ်ဖွယ်ရှိကြောင်း ပြသနေသည်။

နာဂအိ၏ ကင်မရာမှ ရရှိသော ရုပ်သံကို ဘန်ကောက်ရှိ ထိုင်း၏ နိုင်ငံခြားသတင်းထောက်များ အသင်းတိုက်တွင် ဧပြီ ၂၆ ရက်က ပထမဆုံးအကြိမ် မီဒီယာကို ပြသခဲ့သည်။

ယင်းတွင် ရန်ကုန်မြို့လယ်၌ သီချင်းများ ကြွေးကြော်ဆိုနေသည့် ဆန္ဒပြလူအုပ်ကြီးတစ်စုက အဓိကရုဏ်း ဒိုင်းကာများ၊ ရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် ရဲနှင့် စစ်သားများနှင့် ထိပ်တွေ့ရင်ဆိုင်ပုံကို ပြသသည်။

ဆန္ဒပြသူတချို့သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒေါင်းသင်္ကေတပါ အလံများကို ကိုင်မြှောက်ထားကြသည်။

ဆန္ဒပြသူများသည် ရွှေဝါရောင်သင်္ကန်းဆင်မြန်းထားသည့် သံဃာတော်များ စီတန်းမှုတစ်ခုကို ဝန်းရံထားကြပြီး ကလေးငယ်တစ်ဦးက လူအုပ်ထဲမှ သုံးပြီးသား ပလတ်စတစ် ရေဘူးများ လိုက်ကောက်နေသည်ကိုလည်း တွေ့ရသည်။

ယင်းနောက် စစ်သားများ အပြည့်ပါသည့် အစိမ်းရောင် စစ်တပ်ယာဉ်တန်း ရောက်လာချိန် ဆန္ဒပြသူများ အော်ဟစ်ခဲ့ကြသည်ကို တွေ့ရသည်။

ထိုအချိန်တွင် နာဂအိက ကင်မရာကို ၎င်းကိုယ်တိုင်ဘက်သို့ လှည့်ချိန်ပြီး ထရပ်ကားများကို ညွှန်ပြသည်။

“စစ်တပ် ရောက်လာပြီ။ ဟိုးမှာ ရောက်နေပြီ။ သူတို့မှာ လက်နက်တွေလည်း အပြည့်ပါတယ်” ဆိုသည်က ရုပ်သံတွင် ပါသည့် ၎င်း၏ နောက်ဆုံးပြောစကားများဖြစ်သည်။

ကင်မရာကို မြန်မာသတင်းဌာနတစ်ခုဖြစ်သည့် ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှ ဂျာနယ်လစ်များက ရရှိခဲ့သည်။

လက်ရှိအချိန်တွင် စစ်တပ်အုပ်ချုပ်မှုအောက် တစ်ဖန် ရောက်ရှိနေပြန်ပြီဖြစ်သည့် မြန်မာနိုင်ငံရှိ အရင်းအမြစ်များကို ကာကွယ်ရန်အလို့ငှာ ကင်မရာကို ၎င်းတို့ မည်ကဲ့သို့ ရရှိခဲ့သည် ဆိုသည်နှင့်ပတ်သက်သည့် အသေးစိတ်ကို မိမိအနေဖြင့် မပြောပြနိုင်ကြောင်း DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောသည်။

“ကျွန်တော်တို့ ဒါကို အမှား၊ အမှန် ခွဲခြားသိတဲ့ နိုင်ငံသားကောင်းတစ်ယောက်ဆီကနေ ရခဲ့တာပါ” ဟု သူက ပြောသည်။

သတင်းဌာနသည် နိုင်ငံကို ဝရုန်းသုန်းကားအခြေအနေအောက် ထိုးဆင်းကျရောက်စေသည့် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု မတိုင်မီကတည်းက ကင်မရာကို ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်တပ်၏ ယခုနောက်ဆုံးအာဏာသိမ်းပြီးနောက် အမြင်သဘောထားမတူညီသူများအပေါ် စစ်အုပ်စု၏ ဖြိုခွင်းနှိမ်နင်းမှုအတွင်း သတင်းသမား ၁၇၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။ DVB အပါအဝင် လွတ်လပ်သော သတင်းမီဒီယာ ဒါဇင်နှင့်ချီလည်း ပိတ်ပင်ခံရသည်။

၎င်းတို့ထဲတွင် ရန်ကုန်ရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင် စုဝေးဆန္ဒပြပွဲတစ်ခုအနီး ဖမ်းဆီးခံရပြီးနောက် ယမန်နှစ်က ထောင် သုံးလခွဲ ကျခံခဲ့ရသော ဂျပန်သတင်းသမား တိုရူ ကူဘိုတာလည်း ပါဝင်သည်။

အိုဂါဝါက ပြောကြားရာတွင် သူမ၏ အကိုဖြစ်သူ သေဆုံးမှုမှာ “မတော်တဆ” မှုဖြစ်သည် ဆိုသည့် မြန်မာစစ်တပ်၏ ပြောကြားချက်ကို ဆန့်ကျင်ပယ်ချသည့် “သက်သေအထောက်အထား”အဖြစ် ယခု ကင်မရာရုပ်သံကို ဂျပန်နိုင်ငံရှိ အာဏာပိုင်များထံ တင်ပြသွားမည် ဖြစ်ကြောင်း ပြောသည်။

“မြန်မာအစိုးရဘက်က အမှန်တရားကို ထုတ်ဖော်ဖို့ မိမိတို့ ဆက်လက် တောင်းဆိုသွားမယ်။ ဒီတစ်ကြိမ်မှာတော့ ကမ္ဘာက မြန်မာကို နောက်တစ်ကြိမ် ထပ်မံ အာရုံစိုက်စေချင်ပါတယ်” ဟု သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required