ပုလောမြို့ ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်

By ကိုရွှေမြိတ်  မဲဆောက်(မဇ္ဈိမ)
27 April 2023
ပုလောမြို့ ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ကျောင်းနိမ့်ကျေးရွာကို ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့က ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၂၀ နှစ်ကျော် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

စစ်ကောင်စီ တပ်ဖွဲ့က ဧပြီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျောင်းနိမ့်ရွာကို ဒရုန်းနှင့် ဗုံးသီး လာရောက်ပစ်ချစဉ် ကွင်းပြင်ထဲကျရောက်ပြီး အနီးနားရှိ အမျိုးသမီး တစ်ဦးကို ထိခိုက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ကျောင်းနိမ့်ရွာခံ တစ်ဦးက“ပေါက်ကွဲမှုကြောင့် လွှင့်စင်မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦးရဲ့ ခြေသလုံးနဲ့ လက်မောင်းကို ထိမှန်ခဲ့တဲ့ အတွက် ဒဏ်ရာရခဲ့တယ်”ဟု ပြောသည်။

ထိုသို့ ယမ်းစ ထိမှန်မှုကြောင့် ထိခိုက်ခဲ့သည့် အမျိုးသမီးငယ်သည် စိုးရိမ်စရာမရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျောင်းနိမ့်ရွာကို ပြီးခဲ့သည့် မတ်လ ဒုတိယ အပတ်ကလည်း စစ်ကောင်စီတပ်ဘက်က ဒရုန်းနှင့် ကင်းထောက်ပြီး ခလရ (၂၈၅) တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

လက်ရှိတွင် ပုလောမြို့နယ် မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာတို့ကို စစ်ကောင်စီ တပ်သား ၅၀ ခန့်  စစ်ကြောင်းထိုးဝင်ရောက်နေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုများလည်း ရှိနေကြောင်း သိရသည်။ 

ပုလောမြို့နယ်ထဲက တစ်ဖက်ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျောင်းနိမ့်ရွာကို ယခုလို ဒရုန်းနှင့် တိုက်ခိုက်ခြင်းသည် စစ်ကောင်စီတပ်၏ဗျူဟာဖြစ်နိုင်ကြောင်း ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက သုံးသပ်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly