မုံရွာ ကညန ရုံးစောင့်စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး ဟုဆို

By ပါခွီး(မဇ္စျိမ)
27 April 2023
မုံရွာ ကညန ရုံးစောင့်စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး ဟုဆို

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးရှိ စစ်ကောင်စီတပ်သားများကို သွားရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ထံမှ သိရသည်။

မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်ရှိ ကညန ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၆ရက် မနက် ၁၁နာရီ ဝန်းကျင်တွင် လက်နက်ငယ်များဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ ငွေညှစ်တာတွေလုပ်ကြတဲ့အတွက် အခုသူတို့က ရုံးအပြင်ထွက်နေတဲ့အချိန်မှာ ပစ်ခဲ့တာပါ” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက မဇ္စျိမ ကိုပြောသည်။

အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းထောက်လှမ်းရသမျှကို စုစည်းပြီး အင်အား ၁၅ဦးခန့်ရှိသော စစ်ကောင်စီတပ်သားများ ရုံးအပြင်သို့ထွက်နေချိန်တွင် အလစ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) ၊ တပ်ရင်း (၃) ၊ တပ်ရင်း (၄) အထူးကွန်မန်ဒို တပ်ဖွဲ့ (Monywa The Boys) မှ ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) ၊ တပ်ရင်း (၃) ၊ တပ်ရင်း (၄) အထူးစုံစမ်းစစ်ဆင် ရေးတပ်ဖွဲ့ ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force  တပ်ရင်း (၄) တပ်ခွဲ (၃) Monywa Nightking PDF ၊ ယင်းမာပင်တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော် ၊ 5/UG ၊ စေတန်နှင့်  Spring Dove တပ်ဖွဲ့များ ပူးပေါင်းခဲ့ပြီး ပြောက်ကျားတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။

Chindwin Attack Force တပ်ရင်းတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အရေးပေါ်လက်နက်ခဲယမ်းများစွာ လိုအပ်နေကြောင်း ပြန်ကြား ရေးတာဝန်ခံက ပြောဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly