မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတချို့ လျှို့ဝှက်ဆွေးနွေးခဲ့ကြ

မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတချို့ လျှို့ဝှက်ဆွေးနွေးခဲ့ကြ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ကူညီ ဖြေရှင်းနိုင်ရေးနဲ့ အကြမ်းဖက်မှုတွေ လျော့ပါးရေး လျှို့ဝှက်ကြိုးပမ်းမှုတခုအနေနဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အစိုးရ အဖွဲ့ဝင်တွေရော၊ တခြား တတ်သိညာရှင်တွေပါ ပါဝင်တဲ့ ဆွေးနွေးပွဲတရပ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပခဲ့တဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ဧပြီ ၂၄ ရက်က Track 1.5 dialogue ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး မြန်မာနိုင်ငံ နဲ့ နယ်စပ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများက ကိုယ်စားလှယ်များနဲ့ နိုင်ငံခြားရေး ပေါ်လစီကျွမ်းကျင်သူများ က တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံက သွေးထွက်သံယို အကျပ်အတည်းတွေ ဖြေရှင်းဖို့အတွက် "Track 1.5" လို့ နာမည်ပေးထားတဲ့ အဲဒီလျှို့ဝှက်အစည်းအဝေးကို ပြီးခဲ့တဲ့လက ပထမအကြိမ်အဖြစ် ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အခုတစ်ခါ ဒုတိယအကြိမ်အနေနဲ့ အိန္ဒိယမှာ ပြုလုပ်ခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ နှင့်နီးစပ်သူများက Track 1.5 dialogue ဆွေးနွေးပွဲမှာ ပါဝင်သူအားလုံးဟာ မြန်မာနိုင်ငံရေးပဋိပက္ခများမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်မှုများ လျော့ချဖို့၊ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် နိုင်ငံရေးဆိုင်ရာ ဖြစ်နိုင်ချေအားလုံးကို ဖန်တီးဖို့ လိုအပ်ကြောင်း အလေးပေးပြော ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒေလီမှာကျင်းပနေတဲ့ ဒီဆွေးနွေးပွဲကိုတော့ အိန္ဒိယ၊ တရုတ်နဲ့ မြန်မာအပါအဝင် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရိုက်တာသတင်းဌာနကတော့ ဆွေးနွေးပွဲမှာပါဝင်သူတွေဟာ အခုလိုဆွေးနွေးပွဲလုပ်ငန်းစဉ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ဘက်ကိုပါ ပါဝင်စေလိုတဲ့ဆန္ဒရှိတဲ့အကြောင်းပြသခဲ့တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေက ပြောထားတယ်လို့ ဆိုပါတယ်။

အစိုးရတွေ အချင်းချင်းဆွေးနွေးတဲ့အခါ Track 1၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဆွေးနွေးတဲ့အခါ Track 2 လို့ ခေါ်ဝေါ်ပေမဲ့ အခု ဒေလီမှာဆွေးနွေးတဲ့ပွဲကတော့ အစိုးရအရာရှိတွေရော၊ အရပ်ဘက် တတ်သိပညာရှင်တွေပါ ပါဝင်တာကြောင့် Track 1.5 ဆွေးနွေးပွဲလို့ သုံးနှုန်းတာဖြစ်ပါတယ်။

ယခု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူများဟာ မြန်မာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့ပြီး အကြမ်းဖက်မှုများလျော့ချဖို့၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ လုပ်ဆောင်ခြင်းကို တိုက်ဖျက်ဖို့၊ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးပြန်လည်ရရှိစေဖို့ နဲ့ လူသားချင်း ဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တတိယအကြိမ် အစည်းအဝေးကို လာအိုနိုင်ငံမှာ လုပ်ဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။

ဒီအစည်းအဝေးဟာ အာဆီယံရဲ့ကြိုးစားအားထုတ်မှုကို အစားထိုးတာ မဟုတ်ဘဲ၊ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို ပိုအကျိုးရှိစေမှာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

လက်ရှိကာလမှာ စစ်ကောင်စီကို အနောက်နိုင်ငံတွေက အဆက်အဆံမလုပ်ကြသလို၊ အာဆီယံ အစည်းအဝေးတွေမှာလည်း မဖိတ်ဘဲ ပိတ်ပင်ထားပါတယ်။ 

တဘက်မှာတော့ စစ်ကောင်စီနဲ့ ရုရှား၊ ထိုင်း တို့နဲ့ ဆက်ဆံရေးပိုများလာနေသလို ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းလည်း ရောက်လာခဲ့ကာ  အကြမ်းဖက်မှုတွေရပ်ဖို့ တိုက်တွန်းသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly