နိုင်ငံတွင် အများဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအဖြစ် ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိ မူးယစ်ဆေးများ ဘင်္ဂလားဒေ့ရှ် ဖမ်းမိ

By Anadolu Agency
27 April 2023
နိုင်ငံတွင် အများဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအဖြစ် ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိ မူးယစ်ဆေးများ ဘင်္ဂလားဒေ့ရှ် ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် နိုင်ငံတွင် အများဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအဖြစ် ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိ အိုက်စ်ဟု သိကြသည့် ခရစ္စတယ် မက်သ် မူးယစ်ဆေးဝါး ၂၁ ဒသမ ၀၉ ကီလိုဂရမ် (၄၆ ပေါင်) ကို ဖမ်းဆီးရမိကြောင်း ဧပြီ ၂၆ ရက်တွင် ပြောသည်။

အိမ်နီးချင်း မြန်မာနှင့် နယ်စပ်တလျှောက်တွင် မနက်အစောပိုင်းအချိန်များအတွင်း လုပ်ဆောင်ခဲ့သည့် မူးယစ်ဆေးဝါး နှိမ်နင်းတိုက်ဖျက်မှု စစ်ဆင်ရေးတစ်ခုအတွင်း မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် အပေါင်းအပါ နှစ်ဦးတို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က နိုင်ငံအရှေ့တောင်ပိုင်း ကော့ဇ် ဘဇားတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောသည်။

ဓာတ်ခွဲခန်းမှ ထုတ်လုပ်သည့် မက်သမ်ဖက်တမင် သို့မဟုတ် ခရစ္စတယ် မက်သ်သည် လူငယ်များအကြား ပေါ်ပြူလာဖြစ်လာနေပြီး အများအားဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ချမ်းသာသော မိသားစုများအကြား ပေါ်ပြူလာဖြစ်နေခဲ့သည်။

ယခု ဖမ်းဆီးရမိမှုသည် မှတ်တမ်းမှတ်ရာများအရ အများဆုံး မူးယစ်ဆေး ဖမ်းမိမှုဖြစ်ကြောင်း BGB က ပြောသည်။

“ခရစ္စတယ် မက်သ် တစ်ကီလိုဂရမ်ရဲ့ ဈေးနှုန်းဟာ ပြည်တွင်းက တရားမဝင် မူးယစ်ဆေးဝါး ဈေးကွက်မှာ ပျမ်းမျှအနေနဲ့ တာကာငွေ သန်း ၅၀ (ဒေါ်လာ ၄၇၀,၇၉၁) လောက် ပေါက်ပါတယ်။ အခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေရဲ့ တန်ဖိုးဟာ တာကာငွေ ၁ ဒသမ ၀၅ ဘီလီယံ (ဒေါ်လာ ၁၀ သန်းခန့်) ရှိပါတယ်” ဟု ကော့ဇ်ဘဇား BGB-34 တပ်ရင်းမှ ကွပ်ကဲရေးအရာရှိ ဒုဗိုလ်မှူးကြီး မက်ဒ် ဆိုင်ဖူ အစ္စလမ် ချောက်ဒ်ဟာရီက ပြောသည်။

“မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေဟာ ကော့ဇ်ဘဇားရဲ့ အူခီယာမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မူးယစ်ဆေးတွေကို ပုံမှန် သိုလှောင်ထားရှိတယ်လို့ ကျွန်တော်တို့ သတင်းရရှိထားပါတယ်။ အဲဒီနောက်မှာ သူတို့ဟာ ဝယ်လိုအားအပေါ် မူတည်ပြီး မူးယစ်ဆေးတွေကို မြို့တော် ဒါကာ အပါအဝင် နိုင်ငံအနှံ့ကို ဖြန့်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ကြရသည့် ရိုဟင်ဂျာမွတ်စလင် ၁ ဒသမ ၂ သန်းကျော်သည် ကော့ဇ်ဘဇားရှိ ပြည့်ကျပ်သိပ်နေသော ဒုက္ခသည်စခန်းများ၌ နေထိုင်လျက် ရှိပြီး အခြား ၃၀,၀၀၀ ခန့်ကို ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းတစ်ကျွန်းဖြစ်သော ဘာဆန်ချားကျွန်းသို့ ပြောင်းရွှေ့နေရာချထားပေးသည်။ ဒုက္ခသည်အများစုသည် ၂၀၁၇ ခုနှစ်က ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ပြည်နယ်ဖြစ်သော ရခိုင်ပြည်နယ်၌ စစ်တပ်၏ လူမဆန်သည့် ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကြောင့် ထွက်ပြေးလာခဲ့ကြရခြင်း ဖြစ်သည်။

BGB တပ်ဖွဲ့သည် မြန်မာနှင့် နယ်နိမိတ်ပိုင်းခြားထားသော နတ်မြစ်တစ်လျှောက် သီးခြားလုပ်ဆောင်သည့် စစ်ဆင်ရေးနှစ်ခုအတွင်း ဧပြီ ၂၅ ရက် ညပိုင်းက ပန်းရောင် ယာဘဆေးပြား ၄၁၀,၀၀၀ ကို အခြားမူးယစ်ဆေးဝါးတချို့နှင့်အတူ ဖမ်းဆီးရမိထားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းနှင့် မြန်မာအနောက်မြောက်ပိုင်းကို နယ်သတ်ထားသည့် တစ်ခုတည်းသော နယ်နိမိတ်ဖြတ်ကျော် မြစ်ဖြစ်သည့် နတ်မြစ်သည် မူးယစ်ဆေး မှောင်ခိုကူးသူများနှင့် အခြားသော နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်သူများအတွက် ဒုစရိုက်နယ်တစ်ခုအဖြစ် ပြောင်းလဲရောက်ရှိနေဟန် ရှိသည်။

အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်လူငယ်များအပါအဝင် လူထောင်နှင့်ချီတို့သည် ပြီးခဲ့သည့်နှစ်များအတွင်း အနီရောင် သို့မဟုတ် ပန်းရောင် ယာဘဆေးပြားများနှင့်အတူ ဖမ်းဆီးခြင်း ခံထားရသည်။ ယာဘသည် မက်သမ်ဖက်တမင်နှင့် ကဖိန်း ရောနှောပေါင်းစပ်ထားသည့် မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံဘက်တွင် ထုတ်လုပ်သည်ဟု သိရသည်။

“မြန်မာနယ်စပ်ကနေတဆင့် မူးယစ်ဆေးဝါးတွေ ဝင်လာတာနဲ့ပတ်သက်လို့ မိမိတို့ဟာ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) ဆီ ပုံမှန် အကြောင်းကြား အသိပေးပါတယ်။ မိမိတို့ဟာ မြန်မာဘက်မှာ တရားမဝင် လည်ပတ်နေတဲ့ မူးယစ်ဆေးစက်ရုံတွေနဲ့ပတ်သက်လို့ BGP နဲ့ သတင်းအချက်အလက်တွေ ဖလှယ်ပါတယ်” ဟု ချောက်ဒ်ဟာရီက ပြောသည်။

“နှစ်ဖက် နယ်စပ်တပ်ဖွဲ့တွေအကြား လာမယ့် အစည်းအဝေးကျရင် ဒီကိစ္စကို မိမိတို့ထပ်မံ ဆွေးနွေးမှာဖြစ်ပြီး မူးယစ်ဆေး မှောင်ခိုကူးမှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ စိုးရိမ်ပူပန်မှုကို အသိပေးသွားပါမယ်” ဟု ၎င်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly