ယင်းမာပင်မြို့နယ် ဘန့်ဘွေး ကျေးရွာအနီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

By လွှမ်းမိုး(မဇ္ဈိမ)
27 April 2023
ယင်းမာပင်မြို့နယ် ဘန့်ဘွေး ကျေးရွာအနီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေး (မြောက်) ရွာ အနီး တောပြင်တစ်ခုတွင် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဧပြီ ၂၆ ရက် နေ့လယ် ၁ နာရီအချိန်တွင် မိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း B- Two Fighter တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် အထိအခိုက်များရှိခဲ့ပြီး အသေးစိတ်မသိရှိရသေးကြောင်း B-Two Fighter တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“ မိုင်းကတော့ ရှေ့ထွက်မိုင်း ပါတယ်၊ သုံးလုံးတွဲပဒေသာမိုင်း နှစ်ဆိုင်း ဆွဲလိုက်ရတယ်။ စစ်သား အထိအခိုက်ကတော့ များမယ်ဗျ။ အသေးစိတ်ကို တော့ မသိရသေးဘူး” ဟု ၎င်း က ဆိုသည်။

ထိုတိုက်ခိုက်မှူကို B-Two Fighter တပ်ဖွဲ့ နှင့် Bant Two တပ်ဖွဲ့ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများသည် ဘန့်ဘွေးမြောက်ရွာရှိ နေအိမ်များကို ဖျက်ဆီးမွှေနှောက်၍ ဖုန်း နှင့် ဆိုလာပြားများ ကို ယူဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဘန့်ဘွေးရွာတွင် တပ်စွဲနေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်၍ ဒေသခံစစ်ရှောင်များမှာ စားဝတ်နေရေးများစွာ အခက်အခဲရှိနေပြီး သောက်ရေသုံးရေ ပြတ်လပ်နေသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရပါသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly