သံဖြူဇရပ်-ရေး ကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးဟုဆို

By ဂျူချန်း
26 April 2023
သံဖြူဇရပ်-ရေး ကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးဟုဆို

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်ကြားတွင် ဧပြီလ ၂၃ ရက်နေ့နှင့် ၂၅ ရက်နေ့၌ စစ်ကောင်စီတပ်သားများအား တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သံဖြူဇရပ်မြို့မှ ရေးဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်သားများ စီးနင်းလိုက်ပါလာသည့် စစ်ကောင်စီတပ်ကားနှစ်စီးအား ဧပြီလ ၂၆ ရက်နေ့ နေ့လယ် ၁၂နာရီ ၁၀ မိနစ်ခန့်တွင် ပိန္နဲတောကျေးရွာသုသာန်အနီး၌ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ပြီး အင်အား ၃၀ခန့်ပါသည့် စစ်ကောင်စီတပ်သည် သံဖြူဇရပ်မြို့ဘက်သို့ ခြေလျင်ပြန်လည်ဆုတ်ခွာလာချိန် မွန်းလွဲ ၁နာရီ ၃၀မိနစ်တွင်လည်း ပိန္နဲတောကျေးရွာအနီး၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာ ရရှိခဲ့ပြီး ကာကွယ်ရေး တပ်မှ ရဲဘော် နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ ညနေ ၃နာရီဝန်းကျင်တွင်လည်း သံဖြူဇရပ်မြို့ ကလိန်ပဒေါကျေးရွာနှင့် ကုန်းမြင့်သာယာ ကျေးရွာကြားတွင် အင်အား ၆၀ ခန့်ပါသည့် စစ်ကောင်စီတပ်ကား သုံးစီးကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဧပြီလ ၂၃ ရက်နေ့နှင့် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး မဇ္ဈိမအနေဖြင့် ဖြစ်စဉ်အသေးစိတ်အား တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့အား မေးမြန်းရန် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

သံဖြူဇရပ်နှင့် ရေးမြို့နယ်ကြားတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ဧပြီလ ၂ ရက်နေ့တွင်လည်း ရေးမြို့နယ် ကနင်ကမော့ ရွာအနီး သံဖြူဇရပ်-ရေး လမ်းပိုင်း၌ စစ်ကောင်စီတပ်ယာဉ် ခုနစ်စီးပါ ယာဉ်တန်းကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးနှင့်အထက်သေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်ကောင်စီတပ်သားများသည် အနီးရှိ ရာဘာခြံ၊ ကွမ်းသီးခြံ ငါးခု၊ တဲ သုံးလုံးနှင့် ဆိုင်ကယ်တစ်စီးအား မီးရှို့ခဲ့ကာ ပိုင်ရှင်အား သတ်ဖြတ်ခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်မဖွဲ့မှ ဆိုသည်။

ထို့အပြင် အဆိုပါ ဧပြီလ ၂ရက်နေ့တွင်ပင် ပိန္နဲတောကျေးရွာအနီးရှိ ကင်းပုန်းအဖွဲ့အား နံနက် ၁၁ နာရီခန့်တွင် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရကြောင်း ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required