ထိုင်းနိုင်ငံ မဟာချိုင်ရှိ အီလက်ထရောနစ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် MoU လုပ်သားများ အလုပ်ပြန်ရရန် အခက်အခဲနှင့် ရင်ဆိုင်နေရ

By ကီရာ(မဇ္ဈိမ)
26 April 2023
ထိုင်းနိုင်ငံ မဟာချိုင်ရှိ အီလက်ထရောနစ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် MoU လုပ်သားများ အလုပ်ပြန်ရရန် အခက်အခဲနှင့် ရင်ဆိုင်နေရ

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ Cal- Comp အီလက်ထရောနစ်စက်ရုံမှ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ က အလုပ်ထုတ်ခံရသည့် MoU လုပ်သားများ အလုပ်ပြန်လည်ရရှိရန် အခက်အခဲများကြုံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က အဆိုပါစက်ရုံမှ MoU လုပ်သား ၁၀၆၀ ဦးကို  လုပ်ငန်းတွင်အမှားများ မရရှိဟူသော အကြောင်းပြချက်ဖြင့် ကြိုတင်အကြောင်းကြားမှုမရှိဘဲ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က အလုပ်လုပ်ရတာ လေးလတောင်မပြည့်သေးဘူး ထုတ်ခံလိုက်ရတာ။ လစာက ဘတ် ၁၀,၀၀၀ ကျော်ပဲရတယ်။ မြန်မာငွေ ဆယ်သိန်းကျော် ဝန်းကျင်ပေါ့” ဟု အဆိုပါစက်ရုံမှ လုပ်သားတစ်ဦး က ပြောသည်။

အလုပ်ထုတ်ခံရသူအများစုသည် လုပ်သက်နည်းသူများဖြစ်သည့်အတွက် နစ်နာကြေးအနေဖြင့်လည်း အနည်းငယ်သာရရှိခဲ့ကြသည်ဟု သိရသည်။ ထို့ပြင် အလုပ်ရှင်၏လက်မှတ်ပါရှိသည့် အလုပ်လျှောက်ခွင့် စာရွက်ထုတ်မပေးသည့်အတွက် အလုပ်သစ်လျှောက်ရန် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

“အဲဒီ ကျန့်အော်က အရေးကြီးတာလေ။ သူဌေးလက်မှတ်ပါတဲ့ အလုပ်လျှောက်ခွင့် စာပေါ့လေ။ အဲဒါပါမှ တခြားအလုပ်တော်တော်များများက လက်ခံကြတာ။ အဲဒါ ထုတ်မပေးတဲ့ ကုမ္ပဏီတွေလည်းရှိနေသေး တော့ တချို့တွေ အလုပ်လျှောက်မရကြသေးဘူး။ တချို့တွေကတော့ အလုပ်ဝင်သွားကြပြီ။ ကျွန်တော်တို့ ကတော့ ကိုယ်တိုင်လိုက်ရှာနေတုန်းပဲ" ဟု အလုပ်ထုတ်ခံခဲ့ရသည့် လုပ်သားတစ်ဦးက ပြောသည်။

အလုပ်ထုတ်ခံရသည့် အဓိကအကြောင်းအရင်းမှာ စက်ရုံတွင် အဆိုင်းနှစ်ဆိုင်းဖြင့်ဆင်းနေရသည်ကို အဆိုင်းသုံးဆိုင်း စတင်ပြောင်းလဲရာမှ ဖြစ်ကြောင်း၊ အဆိုင်းနှစ်ဆိုင်းဖြင့်အလုပ်ဆင်းရန် သဘောတူစာ ချုပ်ဖြင့် စက်ရုံသို့ရောက်ရှိလာကြသည့်အလုပ်သမားများသည် စက်ရုံက အော်ဒါမရဟူသော အကြောင်း ပြချက်ဖြင့် အဆိုင်းသုံးဆိုင်းသို့ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အဆိုင်းသုံးဆိုင်းကို သုံး လလုပ်ဆောင်ပေးရန် စက်ရုံမှတောင်းဆိုခဲ့ပြီး သုံးလပြည့်သည့်အချိန်တွင် အဆိုင်းသုံးဆိုင်းကို အချိန် အကန့်အသတ်မရှိထားရှိမည်ဟု စက်ရုံဘက်မှပြောလာခြင်းကြောင့် အလုပ်သမားများက အဆိုင်းနှစ်ဆိုင်း ဖြင့် အလုပ်ပြန်လုပ်ရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

“စက်ရုံက သုံးလပြည့်ကာနီးမှ သုံးဆိုင်းကို အကန့်အသတ်မရှိ ဆင်းခိုင်းမယ်‌ဆိုပြီးပြောလာလို့ ညီမတို့တွေ အားလုံး ဆန္ဒပြခဲ့ကြတယ်။ အဲဒီမှာ မန်နေဂျာက ၄ လပိုင်း ၁ ရက်နေ့ကျရင် နှစ်ဆိုင်းပြောင်းပေးပါမယ်ဆို ပြီး လက်မှတ်ထိုးတဲ့စာရွက်တွေနဲ့လာပြတယ်။

 ညနေလောက်မှာ နှစ်ဆိုင်းနဲ့ သုံးဆိုင်း မဲခွဲမယ်လုပ်တယ် အဲဒီမှာ နှစ်ဆိုင်းပဲနိုင်တယ်။ နောက်တော့ မဲထပ်ခွဲခိုင်းတယ် သုံးဆိုင်းဆင်းရင် တောင်းဆိုချက်တွေကို ဖြေ ရှင်းပေးမယ်၊ နှစ်ဆိုင်းဆိုရင် လူ ၁,၀၀၀ လျော့မယ်တဲ့။ ဒါပေမယ့် အလုပ်သမားတိုင်းက ကျန်းမာရေး ကိုငဲ့ပြီး နှစ်ဆိုင်းကိုပဲရွေးကြလို့ နှစ်ဆိုင်းပဲနိုင်တယ်။

 နောက်နေ့ကျတော့ အလုပ်ထုတ်တာနဲ့ပတ်သက်တဲ့ ခံစားခွင့်တွေပြောပြီး မဲထပ်ခွဲခိုင်းပြန်တယ် အဲဒါလဲ နှစ်ဆိုင်းပဲနိုင်တယ်။ အဲဒီနောက်ရက်မှာတော့ လူသစ် တွေ ချိတ်ကပ်နံပါတ်တွေနဲ့ အကုန်အပြင်ခေါ်ထုတ်ပြီး အလုပ်ထုတ်လိုက်တာပဲ” ဟု အလုပ်မှထုတ်ပယ် ခရသည့်ဖြစ်စဉ်ကို ယင်းစက်ရုံမှလုပ်သားဖြစ်သူ ဝေဝေက ပြောပြသည်။အဆိုင်း သုံးဆိုင်းဖြင့်ဆင်းရပါက အိပ်ရေးပျက်ရသည့်အတွက် ကျန်းမာရေးထိခိုက်မှုများရှိပြီး လစာအနေ ဖြင့်လည်း အနည်းငယ်သာ ရရှိသည်ဟု သိရသည်။

မြန်မာပြည်မှအေဂျင်စီများသည် အလုပ်ထုတ်ခံရသည့်ဖြစ်စဉ်အပေါ်တာဝန်ယူမှုမရှိဘဲ အလုပ်ထုတ်ခံရ စဉ်က ထိုင်းရဲများသည် သေနတ်များ၊ တုတ်များကိုင်ဆောင်ထားပြီး အလုပ်သမားများကို လူလိုမဆက်ဆံ ကြောင်း အလုပ်သမားများက ပြောသည်။
“အလုပ်ထုတ်တော့လည်း လူလိုမဆက်ဆံပါဘူး။ ရဲတွေကို သေနတ်တွေ၊ တုတ်တွေကိုင်ဆောင်ခွင့် ပေး ထားပါတယ်။ အေဂျင်စီတွေကလည်း အလုပ်ထုတ်ခံရတုန်းကဆက်သွယ်တာ မလာကြဘူး။ ကားလက် မှတ်ဖြတ်မရလို့‌ လေယာဉ်လက်မှတ်ဖြတ်မရလို့ ဆိုပြီးတော့။ ရောက်လာပြီး အလုပ်ပြန်ရှာပေးတော့ လည်း ကန်ချနပူရီကြက်သားစက်ရုံပါ။

 ငွေကြယ်စင်ဟိန်းအေဂျင်စီနဲ့တက်လာတဲ့ အလုပ်သမားတွေက အေးဂျင့်ကြေး ၁၆ သိန်းခွဲပါ၊ အဲဒါအနည်းဆုံးပဲ။ စစ်ကိုင်းဘက်ကအမကြီးဆိုရင် သူတစ်ယောက်ထဲကို အေဂျင်စီကြေးက သိန်း ၂၀ ပါ။ ရန်ကုန်မှာ သုံးလကြာအောင် အဆောင်ခပေးပြီးနေခဲ့ရပြီးမှ ထိုင်းတက် ခဲ့ရတာ” ဟု  ဝေဝေက ပြောသည်။

အလုပ်ထုတ်ခံရသည့်အလုပ်သမားများသည် နစ်နာကြေးအနေဖြင့် လုပ်အားခတစ်လခနှင့် ကြိုတင် အကြောင်းကြားခြင်းမရှိသည့်အတွက် ပေးရသည့်‌လျော်ကြေး တစ်လခအစား ၁၅ ရက်စာသာ ရရှိခဲ့သည် ဟု သိရသည်။
အလုပ်ထုတ်ခံရသည့် အလုပ်သမားများသည် ပြည်တွင်းမှအေဂျင်စီများဖြစ်သည့် ငွေကြယ်စင်ဟိန်း၊ ယွန်းနဒီဦး ၊ Golden Plan တို့ဖြင့် အဆိုပါစက်ရုံသို့ နှစ်နှစ်စာချုပ်ဖြင့် လာရောက်ခဲ့ကြခြင်း ဖြစ်သော် လည်း လုပ်သက် နှစ်လမှလေးလခန့်အတွင်းရှိ အလုပ်သမားအများစု အလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အကုန်လုံးက အခက်အခဲတွေနဲ့ပါပဲ။ စက်ရုံက အခုလိုဗြုန်းကနဲ အလုပ်ထုတ်ခံရတော့ ဘယ်လိုအဆင် ပြေပါ့မလဲ။ အကြွေးတွေကလည်း မကျေသေးဘူး ရောက်တာ လပိုင်းလေးပဲရှိသေးတယ်။ အိမ်ကိုလည်း ပိုက်ဆံမပို့နိုင်သေး‌ဘူး”ဟု အလုပ်ထုတ်ခံခဲ့ရသည့် စက်ရုံလုပ်သားတစ်ဦးက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကို ပြောသည်။

MoU လုပ်သားအဖြစ် တရားဝင် အေဂျင်စီများနှင့် သဘောတူစာချုပ်များလုပ်ဆောင်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြခြင်းဖြစ်သော်လည်း စာချုပ်ပါအချက်အလက်များအတိုင်း လုပ်ဆောင်ခြင်းမရှိမှုများနှင့် ပြဿနာတစ်စုံတရာဖြစ်ပေါ်ပါက မည်သည့်ဘက်ကမှ တာဝန်ယူလုပ်ဆောင်ပေးခြင်းမရှိကြောင်း အလုပ် သမားများက ပြောသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly