မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အဖက်ဖက်မှ လျှော့ချရန်  နယူးဒေလီတွင် ကျင်းပသည့် Track 1.5 ဆွေးနွေးပွဲ၌ တောင်းဆို

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အဖက်ဖက်မှ လျှော့ချရန်  နယူးဒေလီတွင် ကျင်းပသည့် Track 1.5 ဆွေးနွေးပွဲ၌ တောင်းဆို

မြန်မာ၏ အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားရေးမူဝါဒရေးရာ ကျွမ်းကျင်သူများနှင့် ကိုယ်စားလှယ်များက ပဋိပက္ခများ ကြုံတွေ့နေရသော မြန်မာနိုင်ငံအတွင်းတွင် အကြမ်းဖက်မှုများကို ဘက်ပေါင်းစုံမှ လျှော့ချရန် ဧပြီ ၂၅ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ပြုလုပ်သည့် Track 1.5 ဆွေးနွေးပွဲတွင် တောင်းဆိုလိုက်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးစေခဲ့သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပြီး ရက်ပိုင်းအကြာ၌ ကျင်းပသည့် ဒုတိယအကျော့ မြန်မာ့အရေး Track 1.5 ဆွေးနွေးပွဲတွင် ပါဝင်သူများက နိုင်ငံ၏ အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ခဲ့ကြသည်။

Track 1.5 ဆွေးနွေးပွဲကို ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ (ICWA) က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို မတ်လက ဘန်ကောက်၌ ကျင်းပခဲ့သည်။

ယခုဆွေးနွေးပွဲသို့ မြန်မာဘက်မှ တာဝန်ရှိသူများနှင့် တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။ အိန္ဒိယက ထိုနိုင်ငံများကို ဖိတ်ကြားထားခြင်းဖြစ်ကာ အတတ်ပညာရှင်များနှင့် အကြံပေးအဖွဲ့အစည်းများမှအဖွဲ့ဝင်များလည်း ပါဝင်သည်။ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနရှိ မြန်မာဌာနနှင့် မြန်မာကျွမ်းကျင်ပညာရှင်များလည်း တက်ရောက်ကြသည်။

ဆွေးနွေးပွဲတက်ရောက်သူများက ဘက်ပေါင်းစုံမှ အကြမ်းဖက်မှုများ လျှော့ချရန် တောင်းဆိုခဲ့ကြပြီး မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံရေးအခင်းအကျင်းတစ်ခု ဖန်တီးပေးရန် လိုအပ်ကြောင်းလည်း အလေးပေး ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ဒေသဆိုင်ရာ ညှိနှိုင်းချဉ်းကပ်မှု လိုအပ်ကြောင်းလည်း အစည်းအဝေးတက်ရောက်သူများက ထောက်ပြခဲ့ကြသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရေးတွင် မြန်မာ၏ စွမ်းဆောင်ရည်ကို ပံ့ပိုးပေးရန် လိုအပ်သည်ဟု အစည်းအဝေးတက်ရောက်သူများက ရှုမြင်ခဲ့ကြသည်။

Track 1.5 ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ အကြမ်းဖက်မှု လျှော့ချရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန်၊  အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ဒေသတွင်းနိုင်ငံများမှ ဆက်လက်ပံ့ပိုးကူညီရန် လိုအပ်ကြောင်းနှင့် ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပကြရန် အစည်းအဝေးတက်ရောက်သူများက သဘောတူညီခဲ့ကြသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အင်အားသုံး၍ နှိမ်နင်းလျက်ရှိသည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး အိန္ဒိယစစ်သွေးကြွများ၏ တိုက်ခိုက်မှုကိုခံရသော နာဂဒေသနှင့် မဏိပူရ်အပါအဝင် အိန္ဒိယ၏အရှေ့မြောက်ပြည်နယ်အများအပြားနှင့် ကီလိုမီတာ ၁ ၆၄၀ ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly