ကြို့ပင်ကောက်မြို့နယ်တွင် သတင်းပေး ပျူစောထီးဆိုသူအား ပြောက်ကျားတပ်ဖွဲ့ပစ်ခတ်ရှင်းလင်း

By ရွှေနွယ်( မဇ္ဈိမ )
26 April 2023
ကြို့ပင်ကောက်မြို့နယ်တွင် သတင်းပေး ပျူစောထီးဆိုသူအား ပြောက်ကျားတပ်ဖွဲ့ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ဘောင်ဘင်ဆည်အထက်ပိုင်းရှိ ဆည်တော် ဦးကျေးရွာတွင်နေထိုင်သည့် စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၃) လက်အောက်ခံ Black Dragon (GBK-PDF) တပ်ဖွဲ့နှင့် Black Wolf ပြောက်ကျား တပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပျူစောထီးဟုဆိုသူ ဦးမောင်မျိုးအား ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု Black Dragon (GBK-PDF) တပ်ဖွဲ့ တာဝန်ခံ ရိုးမနဂါး ကမဇ္ဈိမကို ပြောသည်။

“ရိုးမအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကောင်စီဆီကို သတင်း ပေးပို့နေသူပါ။ သူ့ဖုန်းကို စစ်ဆေးကြည့်တဲ့အခါမှာလည်း ဆက်သွယ်ထားတဲ့အချက်အလက် သတင်းပေး ပို့ထားတဲ့ အချက်အလက်တွေကို တွေ့ရပါတယ်။ ဒါတွေကိုတော့ တခြားမလိုလားအပ်တာတွေပါနေတဲ့ အတွက် ချမပြတော့ပါဘူး” ဟု တပ်ဖွဲ့တာဝန်ခံက ပြောသည်။

၎င်းတို့အနေဖြင့် သေဆုံးသူဦးမောင်မျိုးအား အကြိမ်ကြိမ် စုံစမ်းစိစစ် အတည်ပြုပြီးမှပစ်ခတ်ရှင်းလင်းခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူဦးမောင်မျိုးသည် အသက် ၅၀ ဝန်းကျင်ခန့်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်ပစ် ခတ်ချိန်တွင် ၎င်း၏အမျိုးသမီးနှင့် မြေးမလေးတို့ပါရှိနေခဲ့သည်ဟု သိရသည်။

“ကလေးကိုခြေထောက်ကို ရှပ်ထိသွားတယ်။ ထိခိုက်ဒဏ်ရာရသွားတာရော၊ ဘာရောအတွက် သေချာ တောင်းပန်ခဲ့ပါတယ်” ဟု တပ်ဖွဲ့တာဝန်ခံကဆိုသည်။

၎င်းအားမရှင်းလင်းပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် အန္တရာယ်များနိုင်သည့်အပြင် ပြည်သူ များကိုပါ ထိခိုက်နိုင်သည့်အတွက် ယခုကဲ့သို့ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု တပ်ဖွဲ့တာဝန်ခံက ပြောသည်။

စာတည်း။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly