ခင်ဦးမြို့နယ် တပင်ကောင်းကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့

By လွှမ်းမိုး(မဇ္ဈိမ)
26 April 2023
ခင်ဦးမြို့နယ် တပင်ကောင်းကျေးရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဧပြီလ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တပင်ကောင်း(တောင်)ရွာကို ဒုတိယအကြိမ် မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ တပင်ကောင်း တောင်ရွာ၊ မြောက်ရွာကို အင်အားခွဲတပ်စွဲပြီး တစ်ညလုံးမီးရှို့သွား တာဖြစ်ပါတယ်။ စစ်ကြောင်းက ရွာကနေမထွက်သေးတဲ့အတွက် မီးလောင်အိမ်ခြေစာရင်းကို အတိအကျ မသိရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ကန်ကြီးကုန်း၊ ရွှေယမင်း၊ သာဂရ၊ မြကန်၊ မြို့သစ်၊ ဂွေးကုန်းကျေးရွာများမှ ဒေသခံ ၄,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

“စစ်ကြောင်းနဲ့နီးတဲ့ရွာကလူတွေ အကုန်ရှောင်တိမ်းနေရတာဖြစ်ပါတယ်။ အပူချိန်ပြင်းလို့ မူးဝေ၊ ခေါင်း ကိုက်ခေါင်းခဲတာတွေရှိတယ်။ သောက်ရေသုံးရေ အလုံအလောက်မရှိလို့ ကျန်းမာရေးအတွက် အထူး စိုးရိမ်နေရတယ်” ဟု အခြားဒေသခံ တစ်ဦးကဆိုသည်။

တပင်ကောင်းကျေးရွာကို မည်သည့်အတွက်ကြောင့် စစ်ကြောင်းထိုးဝင်ရောက်မီးရှို့သည်ကို မသိရသေး ဘဲ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် တပင်ကောင်း(တောင်)ရွာကို မီးရှို့မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မီးရှို့ခံ ရမှုတွင် အိမ်ခြေ ၆၅ လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly