မယ်စိထာဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက်  စစ်ကောင်စီက အင်အားထပ်တိုးထား

By YT  ( မဇ္ဈိမ)
26 April 2023
မယ်စိထာဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက်  စစ်ကောင်စီက အင်အားထပ်တိုးထား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကမမောင်းမြို့အနီးရှိ မယ်စိထာ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရအပြီးတွင် စစ်ကောင်စီတပ်က ထိုနေရာ၌ အင်အားထပ်မံ ဖြည့်တင်းထားကြောင်း သိရသည်။ 

ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက တပ်မဟာ (၁) KNLA ဗျူဟာရုံး၏ ရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် တပ်မဟာ (၅) KNLA တပ်ရင်း- ၁၀၂ ဒု-တပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့ ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်သိမ်းပိုက်ခြင်းခံခဲ့ရသော မယ်စိထာစစ်ကောင်စီဂိတ်စခန်းနေရာတွင် ယနေ့နံနက်၌ စစ်ကောင်စီတပ်သား ၂၀ ခန့် အင်အားထပ်တိုးထားကြောင်း KNU နှင့် နီးစပ်သော အသိုင်းအဝိုင်းထံက သိရသည်။

 "အခုလောလောဆယ် အဲ့ဒီဂိတ် (မယ်စိထာ) မှာက အင်အား အယောက် ၂၀ ထပ်တိုးထားတယ်" ဟု ၎င်းက မဇ္ဈိမကိုပြောသည်။ 

ဒါ့အပြင် ယမန်နေ့ ဂိတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၀ ဦး စခန်းစွန့်ခွာထွက်ပြေးခဲ့ရာ ထွက်ပြေးသူ ၁၀ ဦးအနက် တစ်ဦးသည် ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း၊ ထိုဒဏ်ရာရသူသည် နှစ်ပွင့် အရာရှိတစ်ဦးဖြစ်ပြီး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

" ငါးယောက်သေတယ်။ ၁၀ ယောက်ထွက်ပြေးတယ်။ အဲ့ဒီ ၁၀ ယောက်မှာမှ တစ်ယောက်က ဒဏ်ရာရသွားတယ်။ အဲ့ဒီဒဏ်ရာရတဲ့သူက ဆေးရုံမှာ သတင်းကြားတာက နှစ်ပွင့်နဲ့ အရာရှိလို့ပြောတယ်။ စကခ- ၈ လက်အောက်ခံ ခမရ- ၄၀၁ ထားဝယ်ကတပ်က အရာရှိတစ်ယောက်ပေါ့။ ကျသွားတယ်" ဟု KNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ 

မယ်စိထာစစ်ကောင်စီဂိတ်စခန်းသည် ၁၉၉၄ ခုနှစ်မှစတင်၍ တပ်မဟာ (၁) နှင့် တပ်မဟာ (၅) နယ်မြေအစပ်တွင် အထိုင်ချခဲ့သော နှစ်ရှည်ဂိတ်စခန်းတစ်ခုဖြစ်ပြီး ဖြတ်သန်းသွားလာသူများအား ဖမ်းဆီးခြင်း၊ လူသားဒိုင်းကာပြုလုပ်ခြင်း၊ နှိပ်စက်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော မယ်စိထာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ ပစ္စတို MA 5 တစ်လက်၊ K3 79 တစ်လက်၊ K3 သုံးလက်၊ ကျည်ဘောက် ၂၀ ခုနှင့် ကျည်ဆန်အတောင့်ရေ ၁၅၀၀ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly