ဦးကျော်သူ၏အမည်ကိုအသုံးချကာ စီးပွားရေးအကျိုးအမြတ်ယူနေသည့် စာမျက်နှာအတု

By ZZ (မဇ္ဈိမ)
25 April 2023
ဦးကျော်သူ၏အမည်ကိုအသုံးချကာ စီးပွားရေးအကျိုးအမြတ်ယူနေသည့် စာမျက်နှာအတု

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဋ္ဌဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဦးကျော်သူ အမည်အသုံးချကာ စီးပွားရေးအမြတ်ထုတ်ရန်ကြိုးပမ်းနေသည့် စာမျက်နှာအတုတစ်ခု ပေါ်ပေါက်လျက် ရှိသည်။

ယင်းစာမျက်နှာမှာ “Kyaw Thu-ကျော်သူ” အမည်ဖြင့် ဖွင့်လှစ်ထားသည့် ဖေ့စ်ဘုတ်စာမျက်နှာဖြစ်သည်။

စစ်ဆေးချက်များအရ ယင်းဖေ့စ်ဘုတ်စာမျက်နှာသည် ယခုနှစ် ဧပြီလ ၂၂ ရက်နေ့ကမှ စတင်အသုံးပြုနေ ခြင်းဖြစ်ပြီး Like ပြုလုပ်သူ ၄,၀၀၀ ကျော်နှင့် Follow ပြုလုပ်သူ ၅,၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။

ထူးခြားချက်မှာ ယင်းဖေ့စ်ဘုတ်စာမျက်နှာအား မြန်မာနိုင်ငံမှဖေ့စ်ဘုတ်အသုံးပြုသူများသာ မြင်တွေ့ရပြီး အခြားနိုင်ငံများမှ ဝင်ရောက်ကြည့်ရှု၍ မရချေ။

အဆိုပါပေ့ချ်မှ ဧပြီလ ၂၂ ရက်နေ့တွင် လွန်ခဲ့သောနှစ်ပတ်က ဦးကျော်သူလေဖြတ်ဝေဒနာခံစားခဲ့ရပြီး နောက် ယခုအခါ ဂျပန်အနှိပ်ဖျာကြောင့်ပြန်လည်သက်သာပြီဖြစ်ကြောင်းရေးသားထားက ထိုအနှိပ်ဖျာကို ဝယ်ယူရန်လင့်အား အဆိုပါပို့စ်တွင် တစ်ပါတည်းဖော်ပြထားသည်။

ထိုလင့်သို့ဝင်လျှင် အခြားဝက်ဘ်ဆိုက်တစ်ခုသို့ရောက်သွားပြီး ဖျာအကြောင်းကြော်ငြာများနှင့် ဖျာအား ဝယ်ယူရန်အတွက် အမည်နှင့်နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ တောင်းခံနေသည်ကို တွေ့ရသည်။ ဈေး အမျိုးမျိုးဖြင့် ဈေးလျှော့ရောင်းသည့် ဝန်ဆောင်မှုများကိုလည်း တွေ့ရသည်။

ထိုပိုစ့်တွင် ပါဝင်သည့်ပုံကိုစစ်ဆေးခဲ့ရာ ဦးကျော်သူဆေးရုံသို့ရောက်ရှိနေသည့်ပုံမှာ နှလုံးခွဲစိတ်ရာတွင် အောင်မြင်ကြောင်းဖော်ပြထားသည့် ၂၀၁၇ ခုနှစ်က ပုံဖြစ်သည်။ ထိုအကြောင်းကို Coconuts Yangon အမည်ရှိဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

လင့်- https://bit.ly/41t97Nf

ဦးကျော်သူ၏ပုံမူရင်းကိုမူ ရှာတွေ့ခဲ့ခြင်းမရှိပေ။ ထို့ပြင် ခြေထောက်နှစ်ချောင်း ဖျာပေါ်တင်ထားသည့်ပုံမှာ နာမည်ကျော် Online Shopping application တစ်ခုဖြစ်သည့် Lazda တွင် ဖော်ပြထားသည့် ပုံဖြစ်သည်။

လင့် - https://bit.ly/3NbRZYb

အဆိုပါပို့စ်အောက်တွင် မှတ်ချက်ပေးသူများလည်းရှိနေပြီး ထိုဖျာကောင်းကြောင်း၊ ဝယ်သင့်ကြောင်း ကြော်ငြာနေသူများ၏ အကောင့်များမှာ မြန်မာအမည်ဖြင့်အကောင့်များမဟုတ်ဘဲ ရေးသားထားသည်မှာ လည်း စကားလုံးပြေပြစ်ခြင်းမရှိသောကြောင့် Google translate အသုံးပြုနေကြောင်း မှတ်ချက်ပြုသူ များလည်း ရှိနေသည်။

တဖန် ထိုစာမျက်နှာတစ်ခုလုံးတွင် အဆိုပါကြော်ငြာပို့စ်တစ်ခုသာရှိပြီး ကျန်ပို့စ်များမှာ ဦးကျော်သူ စာမျက်နှာဟုသိသာစေရန် ဦးကျော်သူပုံများကို မည်သည့်စာမျှ တွဲရေးထားခြင်းမရှိဘဲ ဖော်ပြထားသည်။

ထို့ပြင် မဇ္ဈိမမှ ဦးကျော်သူနှင့်နီးစပ်သည့်အသိုင်းအဝိုင်းအားမေးမြန်းခဲ့ရာ အဆိုပါပေ့ချ်သည် ဦးကျော်သူ ၏ပေ့ချ်မဟုတ်ကြောင်း၊ Report ထုပေးရန်နှင့် ဦးကျော်သူမှာ ဖေ့စ်ဘုတ်ပေ့ချ်မရှိဘဲ အကောင့်သာအသုံး ပြုပြီး လက်ရှိသုံးနေသည့်အကောင့်သည်လည်း Deactivate လုပ်ကာ ပိတ်ထားကြောင်း ဆိုသည်။

ထို့ကြောင့် လက်ရှိထွက်ပေါ်နေသည့် ဦးကျော်သူအမည်နှင့် ဖေ့စ်ဘုတ်စာမျက်နှာသည် အတုဖြစ်ပြီး စီးပွားရေးအမြတ်ထုတ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#Fake_News

#U_Kyaw_Thu_Fake_Page

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly