သရက်သီးပြည်ပတင်ပို့ရာတွင် GAP အသိအမှတ်ပြုလက်မှတ်လိုအပ်နေသေး

သရက်သီးပြည်ပတင်ပို့ရာတွင် GAP အသိအမှတ်ပြုလက်မှတ်လိုအပ်နေသေး

ရန်ကုန်၊ မတ် ၂၅ ။            ။ သရက်သီးကို ပြည်ပသို့တင်ပို့ရာတွင် GAP ဟုခေါ်သည့် စိုက်ပျိုးရေး အလေ့အထကောင်းတွေနှင့် စိုက်ပျိုးထားကြောင်း အရည်အသွေးအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် လိုအပ်နေသေးသည်ဟု သရက်သီးစိုက်ပျိုးထုတ်လုပ်၊ရောင်းချနေ သူများထံမှ သိရသည်။

သရက်သီးစိုက်ပျိုးထုတ်လုပ်နေသည့် ပဲခူးတိုင်း၊အိုးဝေ ဥယျာဉ်ခြံမှ ဦးစိုးသန်းမင်းဒင်မှ “ အရည်အသွေးပိုင်းတွေ၊ ဈေးကွက်တွေ လိုအပ်ချက် တွေအပြင် စိုက်ပျိုးရေး အလေ့အထကောင်းတွေနဲ့ စိုက်ပျိုးထားပါတယ်ဆိုတဲ့ အသိအ မှတ်ပြုလက်မှတ် ကို အစိုးရက ထုတ်ပေးဖို့ သရက်စိုက်တောင် သူတွေ က မျှော်လင့်နေကြပါတယ်။ အဲဒီလက်မှတ်ရရင်တော့ သရက်သီးက ပြည်ပကို တင်ပို့ရောင်းချတဲ့အခါ မျက်နှာပန်းလှသွားမှာပေါ့ “ ဟု ပြောသည်။

ယခုအခါ သရက်သီးကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်အနေဖြင့် တရုတ် - မြန်မာနယ်စပ် မူဆယ်ဂိတ်ဈေးကွက်ကို အဓိကထားတင်ပို့နေကြပြီး တင်ပို့သူများအနေဖြင့် ဈေးကောင်းရရှိရန် အရည်အသွေးပိုင်းကိုလည်း ပိုမို ထိန်းသိမ်းရန် လိုအပ်ကြောင်း သိရသည်။

“နိုင်ငံတကာပို့မယ်ဆိုရင်ကွာလတီကကောင်းဖို့လိုတယ်၊ကွာလတီကောင်းဖို့ဆိုတာကလည်းစနစ်တကျလုပ်ဖို့လိုတာပေါ့။အမြဲလိုလိုတစ်ချက်မှ အမှားအယွင်းမရှိအောင်၊စနစ်တကျလုပ်ရတယ်။ အဓိကက ကွာလတီကောင်း မယ်ဆို ရင် ဈေးရဖို့ကသေချာပါတယ်။ အမှားမခံရဘူး။ သူများနိုင်ငံကိုပို့တဲ့ ပစ္စည်းတွေ ကိုစနစ်တကျလုပ်ဖို့လိုတယ်။ အေဆိုဒ်ကိုအေဆိုဒ် ဘီဆိုဒ်သွားလုပ်လို့မရဘူး ၁၅ ကေဂျီ ဆို ၁၅ ဘဲ၊ ၂၀ သွားလုပ်လို့မရဘူး၊အဲ့ဒါကြောင့်မို့ ထုတ်ပိုးမှု ပုံစံမှာလည်းစည်းကမ်းရှိဖို့လိုတယ်၊ကွာလတီအကောင်းဆိုအကောင်း၊အစုတ် ဆိုအစုတ် တစ်ခါတည်းခွဲပလိုက်၊ ၃၅၀ ဂရမ်ဆို ၃၅၀ ၊၄၀၀ မထည့်ရဘူးပေါ့၊ အဲ့လိုစနစ်တကျလုပ်မယ်ဆိုအဆင်ပြေနိုင်မယ်။” ဟု ဆီဆိုင်မြို့နယ် မှ စိန်တစ်လုံး သရက်ခြံကို စိုက်ဧက ၇၀ ရှိသည့် ကိုစိုးသန်းမှပြောသည်။

လက်ရှိတွင်သရက်သီးကို တရုတ်-မြန်မာနယ်စပ်မူဆယ်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချနေကြပြီး ဟောင်ကောင်၊ဒူဘိုင်း၊ မလေးရှားစသည့်နိုင်ငံတွေ ကိုလည်း တင်ပို့ရောင်းချနေကြောင်း၊ မကြာမီ ဥရောပနိုင်ငံတွေကို တင်ပို့ရန် သရက်စိုက်တောင်သူတွေက  ချိတ်ဆက်နေကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly