မန္တလေး V9 KTV ဆိုင်တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား၊ ၂ ဦး စိုးရိမ် ဒဏ်ရာရရှိ

By ၀၀၇ (မဇ္ဈိမ)
25 April 2023
မန္တလေး V9 KTV ဆိုင်တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား၊ ၂ ဦး စိုးရိမ် ဒဏ်ရာရရှိ

မန္တလေး၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၅၅ လမ်း၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားရှိ V9 KTV ဆိုင်တွင် ဧပြီလ ၂၃ ရက်နေ့ ည ၇ နာရီခန့်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း အခင်းဖြစ်စဉ်ကို မြင့်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

KTV ဆိုင်အတွင်း ပျော်ပါးရန် လာကြသည့်အဖွဲ့နှစ်ဖွဲ့ စကားများရန်ဖြစ်ကြရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနှစ်ဦး စိုးရိမ်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။

"ကေတီဗီ ကားပါကင်နားမှာ ဖြစ်ကြတာ၊ ကောင်လေးနှစ်ယောက်က ဆိုင်ကယ်နှစ်ယောက်စီးပြီး ဆိုင်ထဲအဝင်မှာ ပြန်ထွက်လာတဲ့ အဖွဲ့နဲ့တိုးတယ်၊ အဲဒီမှာ တိုက်မိခိုက်မိကြတယ် ထင်ပါတယ်၊ နောက်တော့စကားများရန်ဖြစ်တာကနေ ကောင်လေးနှစ်ယောက် သေနတ်နဲ့ ပစ်ခံလိုက်ရတာ၊ တစ်ယောက်က တည့်တည့်ကြီးကို ထိတယ်၊ နောက်တစ်ယောက်က မထိဘူး၊ ဒါပေမယ့် ဓားနဲ့ခုတ်ခံလိုက်ရတယ်" ဟု အခင်းဖြစ်စဥ်မြင်တွေ့ခဲ့သူက မဇ္ဈိမကို ပြောသည်။

သေနတ်နှင့် ပစ်ခတ်ခံရသူ နှစ်ဦးမှာ ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်သည့် ဝေလုကျော်နှင့် ဇော်ဇော်ထွေးတို့ ညီအစ်ကို နှစ်ဦးဖြစ်ပြီး ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူ ဘချစ်(ခ) မြင့်ဇော်ဦးနှင့် ဂျိုးဂျိုး(ခ)နေလင်းဦး အပါအဝင် ကိုးဦးတစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အသင့်ပါလာသော ပစ္စတို‌သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းအပြင် ဓားခုတ်ခံရမှုကြောင့် ဇော်ဇော်ထွေး၏ ဝဲဘက်ရင်ညွန့်အောက် ကျည်ဆန်ဖောက်ဝင် စိုးရိမ်ဒဏ်ရာ တစ်ချက်နှင့် ဝေလုကျော်တွင် ဦးခေါင်းနောက်စေ့ပြတ်ရှ စိုးရိမ်ဒဏ်ရာတစ်ချက် ရရှိခဲ့သည်။

၎င်းတို့နှစ်ဦးကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသနေကြောင်း သိရသည်။

အခင်းဖြစ်ပွားရာတွင် ပါဝင်သူ ကိုးဦးအနက် နှစ်ဦးကို တူရကီနိုင်ငံထုတ် GLOCK အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆန် ၂၇ တောင့်နှင့်အတူ ရဲက ဖမ်းဆီးထိန်းသိမ်းထားပြီး နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူများသည် မည်သည့်အဖွဲ့အစည်းက မည်သူမည်ဝါဖြစ်သည်ကို လောလောဆယ်တွင် စုံစမ်း၍ မရသေးပေ။

စစ်ကောင်စီက လိုင်စင်နှင့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

#မန္တလေးV9KTV

#ပစ်ခတ်မှုဖြစ်

#နှစ်ဦးဒဏ်ရာရ

#Mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly