လက်နက်ကိုင်ထားသည့်အဖွဲ့စုံကို ကြောက်နေရသည်ဆိုသည့် သတင်းမျိုးမှာ အတော်စိတ်ပျက်စရာကောင်းပြီး အမြန်ဖြေရှင်းကြရန် NUG ဝန်ကြီးချုပ် ပြော

လက်နက်ကိုင်ထားသည့်အဖွဲ့စုံကို ကြောက်နေရသည်ဆိုသည့် သတင်းမျိုးမှာ အတော်စိတ်ပျက်စရာကောင်းပြီး အမြန်ဖြေရှင်းကြရန် NUG ဝန်ကြီးချုပ် ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလက်နက်ကိုင်ထားသည့်အဖွဲ့စုံကို ကြောက်နေရသည်ဆိုသည့် သတင်းမျိုးမှာ အတော်စိတ်ပျက်စရာကောင်းပြီး အမြန်ဖြေရှင်းကြရန် ယနေ့ ဧပြီ ၂၅ ရက်ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။

" တချို့နေရာတွေမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့စုံကို ပြည်သူတွေက ကြောက်နေရတယ်ဆိုတဲ့ သတင်းမျိုးဟာလည်း အတော်စိတ်ပျက်စရာကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တာဝန်ရှိသူတွေအနေနဲ့ ဒီလို အခြေအနေတွေအထိ မဖြစ်ရအောင် ဝိုင်းဝန်းကြိုးစားဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တချို့အမှုကိစ္စတွေ ဆိုရင်လည်း ကျွန်တော်တို့ကို အားကိုးတကြီး တိုင်ကြားထားပေမယ့် လပေါင်းများစွာကြာသည်ထိ ကောင်းမွန်စွာ မဖြေရှင်းပေးနိုင်ရင် သူတို့လည်းသည်းမခံနိုင်ဘဲ မီဒီယာမှာ ပြောဆိုတာတွေ၊ အချင်းချင်းလက်နက်နဲ့ ဖြေရှင်းတာတွေ ဖြစ်ပေါ်နိုင်တာမို့ သတိကြီးကြီးထားပြီး လျင်လျင်မြန်မြန် စီမံဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

စစ်ရေးအပိုင်းနှင့်ပတ်သက်ပြီး နေပြည်တော်ကဲ့သို့နေရာမျိုးကို ခြိမ်းခြောက်နိုင်မှုမှာ အားတက်စရာဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အုပ်ချုပ်ရေးပိုင်းအတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

" စစ်ရေးအရှိန် မြှင့်မယ့် နေရာဒေသတွေဘက်မှာ အုပ်ချုပ်ရေးကဏ္ဍတွေအားလုံး လိုက်ပါပြင်ဆင်ထားကြဖို့ လိုအပ်မှာဖြစ်တဲ့အတွက် ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှုကလည်း အင်မတန်အရေးကြီးကြောင်း ပြောကြားလိုပါတယ်" ဟု ဝန်ကြီးချုပ်က ပြောသည်။

၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဉီးမြို့နယ်အတွင်းမှ ကျေးရွာတစ်ခုတွင် ပကဖအဖွဲ့ဝင် လေးဦး အသက်မပြည့်သေးသည့် ကလေးများနှင့် အမျိုးသမီး လေးဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည်ဟု မြေလတ်သတင်းဌာန၏ သတင်းဖော်ပြမှုကို ကိုးကားပြီး ယင်းအမှုကို အမြန်ဖြေရှင်းပေးရန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

အသတ်ခံရသည့် ခုနစ်ဦးမှာ စစ်ကိုင်းမြို့နယ်၊ ပဲကုတိုးကျေးရွာမှ မမြင့်မိုရ်အေး (၁၅နှစ်)၊ မဖြူချစ် (၁၇နှစ်)၊ မစန်းစန်းငယ် (၁၉နှစ်)၊ မဇင်ဇင်မော် (၂၀နှစ်)၊ မောင်အောင်ကိုစန်း (၁၅နှစ်)၊ မောင်သက်ပိုင်ဉီး (၁၆နှစ်)၊ ကရင် (၂၆နှစ်) တို့ ဖြစ်ကြသည်။

အခင်းဖြစ်ပွားသည့် ကျေးရွာနေအိမ်မှ လယ်ယာသုံးပစ္စည်းများ ခိုးယူနေသည်ဟုဆိုကာ ဒေသခံများ ဝိုင်းဝန်းဖမ်းဆီးကာ ရပ်/ကျေး ပကဖများသို့ အပ်နှံရာမှ မုဒိမ်းမှုနှင့် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဆိုသည်။

ယင်းအမှုမှာ ရှစ်လကျော်ကြာသည်အထိ အရေးယူခြင်းမရှိသေးကြောင်း၊ ယခုကာလသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖြိုလှဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် အချိန်ကာလဖြစ်သည့် အားလျော်စွာ နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် လူထုကိုအကြမ်းဖက်ဖိနှိပ်သည့် ဖက်ဆစ်စစ်အုပ်စုနှင့် အလားသဏ္ဍာန်တူ လုပ်ရပ်များအား အထူးသတိထား ရှောင်ကြဉ်ကြရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ကြောင်း ယင်းပါတီက သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#NUG

#ဝန်ကြီးချုပ်

#ဖက်ဆစ်စစ်အုပ်စု

#လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly