နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅  ဧပြီ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅  ဧပြီ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက စစ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံမှုမှာ နိုင်ငံတကာ ဇာတ်ခုံတွင် လူမိုက်ပွဲထုတ်နေသည်ဟု ထင်မြင်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။ 

  • တန်းတူညီမျှရေး၊ ဒီမိုကရေစီရေး၊ လွတ်လပ်ခွင့် နှင့် တရားမျှတမှုတွေအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု များများရရှိအောင် ကြိုးစားလုပ်ဆောင်ရန် လိုအပ်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။ 

  • မြန်မာပြည်သူများ၏ဆန္ဒကိုမျက်ကွယ်ပြု၍ တရားမဝင် စစ်ကောင်စီနှင့် ဆက်ဆံသည့် နိုင်ငံတကာ သံတမန်များအားလုံး အရှုံးနှင့်သာ ရင်ဆိုင်ရသည်မှာ ယခင်ဖြစ်စဉ်များက သက်သေရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦး သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ​ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် လူထုသပိတ်ကော်မတီများ၏ သပိတ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို ဧပြီ ၂၄ ရက်၊ နံနက် ၉ နာရီခန့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၅ ရက်မှ ၂၂  ရက်အထိ စစ်ကောင်စီ တပ်များနှင့် ၁၈ ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရက်ရှည်တိုက်ပွဲဖြစ်လာသည့်အတွက် လက်နက်ခဲယမ်းလို အပ်ချက်ရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ နေအိမ် မီးရှို့ဖျက်ဆီးတာခံခဲ့ရသည့် ပြည်သူများကို အလှူငွေ နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၂၅ ရက်တွင် "စိတ်ဓာတ်မကျိုးပဲ့စေနဲ့၊စုဖွဲ့မှုမကျိုးပဲ့စေနဲ့၊ကျန်းမာရေး မကျိုးပဲ့စေနဲ့" စာတန်း ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ်တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းက ချီတက်သပိတ်မှောက်ခဲ့ကြောင်း သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာတွင် ဧပြီ ၂၅ ရက်၊ နံနက် ၃ နာရီခန့်က အထိုင်ချ တပ်စွဲထားသော  စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တန့်ဆည် PDF ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ရှေ့၌ တပ်စွဲထားသော စစ်တပ်ကို ဧပြီ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ရွာစဥ်လှည့်၍ မီးရှို့နေသည့် အကြမ်းဖက်စစ်တပ်ကို ဧပြီ ၂၂ ရက်က PDF တပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ၅၇ ဦးရှိကြောင်း တိုက်နယ်စွန် PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာမြို့အဝင်ရှိ စွမ်းရည်ထက် ဆီဆိုင်ဂိတ်မှ တောပု(ပျူ)ရွာသို့ အင်အားဖြည့်ရန်လာသော အကြမ်းဖက် စစ်ကား ၃ စီးကို ဧပြီ ၂၄ ရက်၊ နံနက် ၅ နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း -Aung San Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဧပြီ ၂၃ ရက်က ရွာသား ကိုထွန်းထွန်ဝင်းကို ခေါင်းဖြတ်သတ်ကာ ငယ်ပါကို ဖြတ်တောက်ကာ ပါးစပ်ထဲထည့်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျောက်တောင်အနီးတွင် ဧပြီ ၂၅ ရက်၊ နံနက် ၆ နာရီခန့်တွင် ပျူစောထီး အဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားပြီး ပျူစောထီးခေါင်းဆောင် ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တောကြီး မြွေပွေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးတောရွာသား ကိုကျော်လွင်ကို ဧပြီ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီကျော်ခန့်က စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ပြည်သူပိုင် နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူ များက ပြောသည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ်အင်အားစုများ ဦးဆောင်ကာ "လွတ်လပ်မှုနဲ့ ငြိမ်းချမ်းတဲ့ လူ့ဘောင်တည်ဆောက်ဖို့ ဘက်ပေါင်းစုံက တော်လှန်စို့" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဧပြီ ၂၃ ရက်၊ နံနက် ၅ နာရီခွဲခန့်က PDF မဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) T1 က ပြောသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင် ရှိ Happy KTV တွင် စစ်တပ် မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်သတ်လိုက် ပြီးနောက် ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်တပ်က Happy KTV ရှေ့တွင် ဖြတ်သန်းလာသည့် လူငယ် ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • ရခိုင်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဖမ်းဆီးခံ ရခိုင်က နိုင်/ကျဥ်းတွေ ဆေးကုသခွင့်မရကြကြောင်း ဦးညီပု သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနတွင် ဖော်ပြထားသည်။ 

  • တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းဆောဂူရပ်တွင် ကိုရီးယားရောက် Mara လူငယ်များ အဖွဲ့အစည်းဖြစ်သည့် Korea Mara Welfare (KMW) မှ ဦးစီး၍ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြသည်။ 

  • ပြင်သစ်နိုင်ငံရှိ စစ်ကောင်စီသံရုံးရှေ့တွင် မြန်မာစစ်တပ်၏ ဥပဒေမဲ့ အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုများအပါအ၀င် ပဇီကြီးအတွက် ပြင်သစ်ရောက် တော်လှန်ရေး လှုပ်ရှားသူများက Social Punishment ပိုစတာများကပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

  • မလေးရှားနိုင်ငံ၊ ကွာလာလာပူမြို့တွင် အကြမ်းဖက်စစ်အာဏာရှင် ဖြုတ်ချရေးလုပ်ဆောင်နေသည့် MTC/ MDF မရာ အုပ်ချုပ်ရေး ကောင်စီ/ မရာ land defense force (MDF) အတွက် ရန်ပုံငွေ ရှာဖွေခြင်း အခမ်းအနားကို မလေးရှားရောက် တော်လှန်ရေးအင်အားစုများက ကျင်းပ ပြုလုပ် ခဲ့ကြသည်။ 

  • စစ်ကောင်စီသည် အာဏာစတင်သိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ နှစ်နှစ်ကျော်ကြာကာလအတွင်းတွင် မြန်မာနိုင်ငံအနှံ့မှ ဒီမိုကရေစီအရေး တက်ကြွလှု ပ် ရှားသူများ၏ ပိုင်ဆိုင်မှုများနှင့် နေအိမ်များ စုစုပေါင်း ၇၅၁ ခုကို ချိပ်ပိတ် သိမ်းဆည်းခဲ့ သည် ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ယနေ့ ဧပြီ ၂၅ ရက်တွင်ထုတ်ပြန် သည်။ 

  • အောက်ခြေတွင် တလွဲအာဏာသုံးနေကြသည့် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေကို အရေးယူ ဆောင်ရွက်ရန် နှင့် မှန်မှန်ကန်ကန် လုပ်နေကြသည့် ပအဖ၊ ပကဖ များကို ကာကွယ်စောင့်ရှောက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို လူထုသပိတ် ကော်မတီများက တိုက်တွန်းလိုက်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ ရှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း ၅၉ နှစ်ပြည့် အခမ်းအနားကို ဌာနချုပ် ဝမ်ဟိုင်းအပါအဝင် တပ်မဟာနယ်မြေအလိုက်တွင် ဧပြီ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်လာမှသာ ငြိမ်းချမ်းရေးအရသာ အပြည့်အဝရရှိမည်ဟု ရှမ်းပြည်တပ်မတော် SSA ထူထောင်မှု (၅၉) နှစ်ပြည့် အဖြစ် SSPP/SSA က ထုတ်ပြန်လိုက်သည်။ 

  • စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုသက်အပါအဝင် စစ်သား ၅၀ ဝန်းကျင် သေဆုံးပြီး ဗျူဟာမှူး၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း KIA နှင့် PDF သတင်းရင်းမြစ်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ပုံနဲ့ ကံစီးရွာကြားတွင် ဧပြီ ၂၅ ရက်၊ နံနက်အစောပိုင်းက စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းအဖွဲ့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

  • ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေးရွာတွင် ဧပြီ ၂၄ ရက်က တိုက်ပွဲ၌ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး တစ်ဦးအပါအ ဝင်၂၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNDF သတင်းရင်းမြစ်နှင့် ကရင်နီ စစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။ 

  • ကရင်နီ(ကယား) ပြည်နယ်တွင် စစ်ကောင်စီ နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ဗျူဟာမြောက် စစ်ဆင်ရေး ဖော်ဆောင်နိုင်ရန် “ကရင်နီ ပွိုင့် 5 Project” ကို ကူကြရန် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF က တိုက်တွန်းလိုက်သည်။ 

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ဧပြီ ၂၃ ရက်က လက်နက်နှင့်အတူ ထွက်ပြေးသွားသည့် ရက္ခိုင့်တပ်တော်  AA တပ်ဖွဲ့ဝင်နှစ်ဦးကို ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက ရက္ခိုင့်တပ်တော် AA မှ ပြန်လည်ဖမ်းဆီးလိုက်ပြီဟု ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး Western News သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ လုံကျွေးရွာအနီးတွင် ဂန့်ဂေါဘက်မှ တက်လာသောစစ်ကြောင်း နှင့် ချင်းပူး ပေါင်းတပ်ဖွဲ့များအကြား ဧပြီ ၂၃ ရက်၊ ည ၁၀ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးခန့် သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း CNA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။ 

  • ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ခွန်ကျူံးရွာအနီး ခရစ်ယန်ဘာသာရေး ဆုတောင်းဆောင်ကို ဧပြီ ၂၃ ရက်၊ ည ၇ နာရီခန့်က တိုက်လေယာဉ် တစ်စီးဖြင့် ၂ ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆုတောင်းဆောင် ပျက်စီး သွားကြောင်း ချင်းအမျိုးသားတပ်မတော် CNA ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့တို့ကိုဆက်သွယ်သော လမ်းမကြီးအား လုံခြုံ ရေးအခြေအနေအရ အသုံးမပြုကြသေးရန် CDF – CDM SIYIN က ဧပြီ ၂၃ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ 

  • ချင်းပြည်နယ် မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ် (CDF) နှင့် စစ်ကောင်စီတပ်တို့ (၂) နှစ် အတွင်း တိုက်ပွဲပေါင်း ၁၈၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၄၅၀ ကျော်သေဆုံးခဲ့သည်ဟု မင်းတပ် CDF ၏ တော်လှန်ရေး (၂) နှစ်ပြည့်နေ့တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းတို့သည် ဧပြီ ၂၄ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်မှု အခြေအနေများနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။ 

  • အကြမ်းဖက် မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းက NUG အပါအဝင် သက်ဆိုင်သူအားလုံးနှင့် အဖြေရှာရန်၊ အာဆီယံဘုံသဘော တူညီ ချက် ၅ ရပ် အကောင် အထည် ဖော်ရန်၊ ကုလသဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်  မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း The Elders အဖွဲ့က ထုတ်ပြန်ထားသည်။ 

  • လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီ ၂၄ ရက်တွင်  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများနှင့်တွေ့ဆုံစဉ် ပြောသည်။ 

  • စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းတို့သည် ဧပြီ ၂၄ ရက်၊ မွန်းလွဲပိုင်းက မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • သမ္မတဟောင်း ဦးသိန်းစိန် နှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းတို့သည် ဧပြီ ၂၄ ရက်က သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ 

  • မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂၄ ရက်တွင် ကြေညာ ခဲ့သည်။ 

  • စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၄ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ် အတည်ပြု လူနာသစ် ၅၁ ယောက် အထိ တွေ့ရှိခဲ့သည်ဟု သိရသည်။ 

  • စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ နေပြည်တော် ကုသရေးဦးစီးမှူး နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်ကုသရေးဦးစီးမှူးများထံ ကူးစက်မြန် ကိုဗစ်ရောဂါ ကုသရေးအတွက် ဆေးရုံများ အသင့်ပြင်ထားရန် အကြောင်းကြားစာကို ဧပြီ ၂၄ ရက်က ထုတ်ပြန် လိုက်ကြောင်းသိရသည်။ 

  • ရန်ကုန်တိုင်းအတွင်း မောင်းနင်ပြေးဆွဲနေသည့် ဘေးတွဲဆိုင်ကယ်များကို အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီအောက်ရှိ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ ပုံမှန်အစည်းအဝေးနှင့် ဆပ်ကော်မတီ (၄) ခု ညှိနှိုင်း အစည်းအဝေးတွင် ပြောသည်။ 

  • ပြည်တွင်း ဆန်ဈေးမြင့်တက်စေရန် နှင့် စားသုံးသူ ပြည်သူများအတွက် စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော် ဆောင်ရွက်သူများကို စိစစ်ဖော်ထုတ်ပြီး အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ လက် အောက်ခံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ 

  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အစ နှစ်ပတ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃၆ ဒသမ ၅၂ သန်းရရှိထားကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။ 

ဧပြီ ၂၅ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီ ခေါင်းဆောင်နှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်းတို့ တွေ့ဆုံဆွေးနွေးရာတွင်ကုလ အတွင်းရေး မှူးချုပ်ဟောင်း ဘန်ကီမွန်းက အာဆီယံတွင် မင်းအောင်လှိုင်က လိုက်နာပါမည်ဟု ကတိပြုသွားပြီး ပျက်ကွက်နေသည်များကိုသာဆွေးနွေးသွားသည်။ယင်းအပြင် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်လည်း တိုက်တွန်းသွားသည့်အတွက် မင်းအောင်လှိုင် မျှော်မှန်းသလိုဖြစ် မလာသည်ကို တွေ့ရသည်။ 

  • လက်နက်ကိုင်လမ်းစဉ် စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းသည် ဒီမိုကရေစီကို တည်ဆောက်နိုင်မည်ဟု စစ်တပ်ခေါင်းဆောင်၏ ပြောဆိုချက်သည် ယခင် စစ်အာဏာရှင်များ၏ လက်သုံးစကားကို ပြန်ပြောင်း ပြောခြင်းသာ ဖြစ်ပြီး ယခုချိန်ထိ စစ်တပ် နှင့် ဆွေးနွေးခြင်းကြောင့် ငြိမ်းချမ်းရေး အောင်မြင်သည့် အကျိုး ရလဒ်ရရှိထားခြင်း မရှိပေ။ 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly