မြန်မာ့အရေးကို စာရွက်ပေါ်မှာပဲ စိတ်ပူနေတဲ့ ကုလနဲ့အာဆီယံ (ဆောင်းပါး)

By ဓားရိုင်း
25 April 2023
မြန်မာ့အရေးကို စာရွက်ပေါ်မှာပဲ စိတ်ပူနေတဲ့ ကုလနဲ့အာဆီယံ (ဆောင်းပါး)

၂၀၂၃ ခုနှစ် ၄ လတာကာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော် လုပ်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတိုက်ခိုက်မှုတွေကိုပါ ပိုမိုကျူးလွန်လာတာတွေ့ရပါတယ်။ အာဏာ သိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်ထိ စစ်ကောင်စီကျူးလွန်ထားတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက လည်း အကြိမ် ၆၀ ကျော်လောက်ရှိနေခဲ့တာပါ။ အဲဒီထဲမှာ ထင်ရှားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကတော့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၂ ယောက်သေဆုံးခဲ့တဲ့ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်မှု၊ လူပေါင်း ၈၀ ကျော်သေဆုံးခဲ့တဲ့ အနန့်ပါကျေးရွာတိုက်ခိုက်မှု၊ အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၁၀ ယောက်သေဆုံးခဲ့တဲ့ ထန်တလန်မြို့နယ်က ခွာဖိုကျေးရွာတိုက်ခိုက်မှုနဲ့ လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပါတယ်။ ဒီလိုစစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ် သားတိုက်ခိုက်မှုတွေကို ပိုမိုကျူးလွန်လာတဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်ပဲ ၂၀၂၃ ခုနှစ် ဧပြီ ၁၀ ရက် အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေဟာ ၁ ဒသမ ၈ သန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဆိုထားပါတယ်။ အဲဒီအထဲမှာ လူဦးရေ ၁ ဒသမ ၅ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းယူမှုအပြီးဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အခုလို စစ်ရာဇဝတ် မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို နိုင်ငံတကာက သိနေပေမယ့် ထိရောက်တဲ့အပြစ်ပေးအရေးယူမှုနဲ့ တုံ့ပြန်မှုတွေ မလုပ်နိုင်သေးတာကတော့ မြန်မာပြည်သူတွေအတွက် အတော်ဝမ်းနည်းစရာကောင်းပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့တုံ့ပြန်မှုတွေက ပျော့ပျောင်းလွန်းနေတယ်လို့ ထင်ပါ တယ်။ အနီးစပ်ဆုံး ပဇီကြီးကျေးရွာဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်ပဲ ကုလသမဂ္ဂ နဲ့ အာဆီယံတို့ရဲ့ အားနည်းချက် တွေကိုမြင်တွေ့ရမှာပါ။ ပဇီကြီးဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီအပေါ် သတိပေးအရေးယူမှုမျိုးမပြောနဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်နိုင်မှုမျိုးကိုတောင် ကုလနဲ့ အာဆီယံတို့ မလုပ်နိုင်ခဲ့ပါဘူး။ ဗြိတိန်ရဲ့ ဦးဆောင်မှုနဲ့ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ခေါ်ယူနိုင်ခဲ့ပေမယ့် ဘာမှအလုပ်မဖြစ်ခဲ့တာကိုကြည့်ရင် ကုလ သမဂ္ဂအဖွဲ့အစည်းကြီးရဲ့ ရပ်တည်မှုဟာ မေးခွန်းထုတ်ချင်စရာဖြစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေအတွက် ကံဆိုးချင်တော့ လက်ရှိ ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌဟာ ရုရှား ဖြစ်နေခဲ့ပြန်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီ ကျူးလွန်မှုတွေကို ကုလလုံခြုံရေးကောင်စီအနေနဲ့ သတိပေးကန့်ကွက်ရှုတ်ချဖို့ ဗြိတိန်ကဦးဆောင်ပြီး အဆိုတင်ခဲ့ ပေမယ့် ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံးပြီး ပယ်ချသွားခဲ့တာ သိပ်တော့မထူးဆန်းဘူး ထင်ပါ တယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ရှိနေပေမယ့် လူအစုလိုက်အပြုံလိုက်သေစေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ် ဆောင်နေတဲ့ စစ်ကောင်စီကို အရေးယူနိုင်ရေးဟာ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ဆွဲထားတဲ့နိုင်ငံတွေမှာ အဓိက တာဝန်ရှိတယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ကုလလုံခြုံရေးကောင်စီကိုယ်တိုင် ချမှတ်ထားတဲ့ ဆုံးဖြတ် 

ချက်အပေါ် လိုက်ပါဆောင်ရွက်တာမရှိတဲ့၊ ချိုးဖောက်ခဲ့တဲ့ စစ်ကောင်စီအပေါ် ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုပြီး ဒါမျိုးတွေမလုပ်ဘူးဆိုရင် နိုင်ငံတကာရဲ့ပျက်ကွက်မှုအဖြစ် အင်မတန် အရှက်ရဖွယ်ဖြစ်နေမယ်ဆိုတာ မှတ်တမ်းတင်ရမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ ပြည်တွင်းရေးဆိုတဲ့ အမြင်ထက်ကျော်လွန်ပြီး အထူးသဖြင့် ကုလလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရထားတဲ့ နိုင်ငံကြီးတွေအနေနဲ့ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို မြင်အောင်ကြည့်ပေးကြဖို့လည်း ဒေါ်ဇင်မာအောင်က တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရထားတဲ့ အမြဲတန်းအဖွဲ့ဝင် ၅ နိုင်ငံကတော့ တရုတ်၊ ရုရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပထမဆုံးအကြိမ်အဖြစ် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ချမှတ်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကိုရပ်ဆိုင်းပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို လေးစားလိုက်နာဖို့နဲ့ ချိုးဖောက်ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ စတဲ့အချက်တွေ ပါဝင်တာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီကတော့ ကုလဆုံးဖြတ်ချက်အပေါ် ဂရုစိုက်ပုံတောင်မရပါဘူး။ ကျူးလွန်မြဲ လူသတ်မှုတွေကို ဆက်လက်ကျူးလွန်နေခဲ့တာဖြစ်ပါတယ်။ 

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ထားခဲ့ပါတယ်။ ပဇီကြီးကျေးရွာမှာ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကို အာဆီယံအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ဆိုခဲ့ပြီး အကြမ်းဖက်မှုပုံစံ အားလုံးကို ချက်ချင်းရပ်ပစ်ရမယ်လို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့အစည်းအနေနဲ့ စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန်ဖိအားပေးမှုမျိုးတော့ မရှိသေးပါဘူး။ အာဏာသိမ်း စစ်ကောင်စီနဲ့ပတ်သက်ပြီး ဒေသတွင်း နိုင်ငံတွေထဲမှာ သဘောထားအတင်းမာဆုံးပြသထားတဲ့ အင်ဒိုနီးရှားအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာ ချိန်မှာ အပြောင်းအလဲတစ်ခုခုရှိလာမယ်လို့ မြန်မာပြည်သူတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အာဆီယံရဲ့လုပ်ဆောင်ချက်တွေကို ထူးထူးခြားခြား မတွေ့ရသေးပါဘူး။ အာဆီယံ မူ ၅ ချက်ထဲက လူသားချင်းစာနာမှု အညီအကူပေးရေးအတွက်တောင် စစ်ကောင် စီကို မကျော်လွှားနိုင်ပဲဖြစ်နေခဲ့ပါတယ်။ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်သူ အရေအတွက်ဟာ အကြမ်းဖျဉ်းတွက်ချက်မှုအရ ၁၇ ဒသမ ၆ သန်းရှိနေပြီး အဲဒီထဲက လူဦးရေ ၁၅ ဒသမ ၂ သန်း ဟာ အစားအစာ မလုံမလောက် ဖြစ်နေတာပါ။ လူအနည်းဆုံး တစ်သန်းခွဲဟာ ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေ ဖြစ်နေပြီး နေ့စဉ် လူထောင်ပေါင်းများစွာဟာ အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယမှာ ခိုလှုံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်မှာလည်း ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ရှိနေသေးတာဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကြည့်ရင် အာဆီယံအနေနဲ့ မြန်မာ့အရေးအပေါ် ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ပေးနိုင်မှာလဲလို့ မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။ လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆင်ကတော့ အရပ်သားတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံနေရာအနှံ့ ကျယ်ကျယ်ပျံ့ပျံ့ တွေ့လာနေရချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ကြေညာချက်တွေ ထုတ်နေတာလောက်နဲ့ မလုံလောက်ဘဲ ထိရောက်တဲ့ အရေးယူမှုတွေ တိုးမြှင့်ချမှတ်ဖို့ လိုနေပြီလို့ ဆိုထားပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အီးယူနိုင်ငံတချို့ဟာ စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်ချမှတ်ထားပေမယ့် စစ်ကောင်စီအတွက် လက်နက်ခဲယမ်း စီးဆင်းမှု တွေကိုတော့ တားဆီးနိုင်စွမ်းမရှိသေးတာဖြစ်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့(အီးယူ)က စစ်ကောင်စီကို လက်နက် ရောင်းချတာမလုပ်ဖို့ တရားဝင်ပိတ်ပင်ထားပေမယ့် ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အပြင် မြောက်ကိုရီးယားကပါ စစ်ကောင်စီအတွက် လက်နက်တွေရောင်းချပေးနေတာကြောင့် အီးယူရဲ့ပိတ်ပင်မှု ဟာ အရာမထင်ဘူး ဖြစ်နေပါတယ်။ ဧပြီလ တတိယပတ်အတွင်း ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ပုံမှန်အစည်းအဝေးအပြီးထုတ်ပြန်ချက်ထဲမှာတော့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကိုရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်သွားဖို့ တောင်းဆိုခဲ့ကြ တာတွေ့ရပါတယ်။ ဒါ့အပြင် NLD အပါအဝင် မြန်မာ့နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့တဲ့အပေါ် မှာလည်း G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက ရှုတ်ချထားခဲ့တာပါ။ G7 ကို ကမ္ဘာ့စက်မှုအဖွံ့ဖြိုးဆုံးနိုင်ငံ ၇ နိုင်ငံဖြစ်တဲ့ ဂျပန်၊ ဂျာမနီ၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ပုံမှန်အတိုင်း ဥရောပသမဂ္ဂ(အီးယူ)က ဆွေးနွေးဘက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ အခုလို စကားလုံးတွေ၊ ထုတ်ပြန်ချက်တွေနဲ့ မြန်မာ့အရေးကို စိတ်ပူပန်ကြောင်းပြောနေချိန်မှာပဲ စစ်ကောင်စီက တော့ ခုခံတော်လှန်ရေးလှုပ်ရှားမှုကိုချေမှုန်းဖို့အတွက်ဆိုပြီး သူတို့ရဲ့စစ်ရေးအသုံးစရိတ်ကို ကျပ်ငွေ ၅ ထရီလီယံ ကျော်အထိတိုးမြှင့်ခဲ့တာတွေ့ရပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာတုံ့ပြန်မှုတွေပေါ် NUG ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်ရဲ့မှတ်ချက်ကိုကြည့်မယ်ဆိုရင် အဖြေကတော့ ရှင်းနေပါတယ်။ ဦးရည်မွန်ကတော့ ကုလနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံ့အစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေကို တန်ဖိုးမထားကြဘူးလားလို့ မေးခွန်းထုတ်ထားခဲ့သလို ကုလသမဂ္ဂတို့၊ အာဆီယံတို့ ဖွဲ့စည်းထားရတဲ့ ကောင်းမွန် တဲ့ ရည်ရွယ်ချက်တွေကို မေ့ထားကြပြီလားလို့ဆိုခဲ့ပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူ တွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်ရက်စက်ကြမ်းကြုတ်မှုကိုသိနေပေမယ့် စကားလုံးတွေ၊ ထုတ်ပြန်ချက် တွေထက်မပိုပဲ စိတ်ပူပန်ပြနေတဲ့အပေါ် မေးခွန်းထုတ်ချင်စရာကောင်းနေတာတော့အမှန်ပါပဲ။ အထူးသဖြင့် ကုလနဲ့ အာဆီယံတို့ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ထုတ်ဖော်ပြသရတော့မယ့် အချိန်တန် နေပြီလို့ထင်မြင်မိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly