ဆားလင်းကြီးမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်က အရပ်သား ၄ ဦးကို သတ်ဖြတ်

By ရွှေနွယ်( မဇ္ဈိမ )
25 April 2023
ဆားလင်းကြီးမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်က အရပ်သား ၄ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်သို့ စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်က ယနေ့ ဧပြီ လ ၂၅ ရက်နေ့တွင် အရပ်သားလေးဦးကိုသတ်ဖြတ်ခဲ့ကြောင်း National Revolutionary Guards-Sallingyi တပ်ဖွဲ့က မဇ္ဈိမသို့ပြောသည်။

အင်အား ၁၀၀ ခန့်ပါစစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက် ၅ နာရီခန့်တွင် ၎င်းတို့လုယက်ခဲ့သော စက်လှေလေးစီးဖြင့် မုံရွာဘက်ကမ်းမှ ညောင်ပင်ကြီးရဲစခန်းသို့ရောက်ရှိလာပြီး၊ ယင်းမှတစ်ဆင့် ဆားလင်းကြီးမြို့သို့ နံနက် ၇ နာရီခန့်တွင် ထွက်လာကြောင်း သိရသည်။

“ဆားလင်းကြီးမြို့နယ် ရွှေလှေရွာတောင်ဘက်၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းမပေါ် တံတားနားမှာ ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ယောက်ကိုပစ်သတ်တာ တစ်ယောက်သေတယ်။ မုံရွာက ဓားစာခံလူငယ်သုံး ယောက်ပါလာတာ သူတို့ကို ဆားလင်းကြီးမြို့နယ် မန်ကျည်းတန်းရွာအရှေ့ဘက် ထန်းတောထဲမှာ ပစ်သတ်ခဲ့ပါတယ်" ဟု National Revolutionary Guards-Sallingyi တပ်ဖွဲ့မှ ဗိုလ်သူရိန်ကပြောသည်။

သေဆုံးသူများ၏ အချက်အလက်အသေးစိတ်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်း နေဆဲဖြစ် သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ဆားလင်းကြီးမြို့နယ် ရေခါးရွာသို့ ရောက်ရှိနေပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း ဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် လက်ရှိတွင် ဆားလင်းကြီးမြို့နယ်မှ ဒေသခံပြည်သူ ထောင် နှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly