အာဆီယံ၏ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန်  မစ္စတာဘန်ကီမွန်း တောင်းဆို

အာဆီယံ၏ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန်  မစ္စတာဘန်ကီမွန်း တောင်းဆို

ဘန်ကီမွန်းသည် မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံကာ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် အာဆီယံ၏အချက်ငါးချက် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြောင်း The Elders အဖွဲ့ က ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

The Eldersအဖွဲ့၏ဒုတိယဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းမစ္စတာဘန်ကီမွန်းသည် အကြမ်းဖက်မှုအဆုံးသတ်ရေးလမ်းကြောင်းကိုရှာဖွေရန်နှင့် ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီရရှိရေး ၊ အားလုံးပါဝင်နိုင်သည့် တရားဝင်သောအစိုးရတစ်ရပ်ထူထောင်ရေးတို့အတွက် လမ်းကြောင်းရှာဖွေရန် ၂၀၂၃ခုနှစ် ၊ ဧပြီလ ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည် ။

မြန်မာစစ်တပ်၏ခေါင်းဆောင်များနှင့် သမ္မတဟောင်းဦးသိန်းစိန်တို့နှင့်တွေ့ဆုံကာ အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ရေရှည်တည်တံ့သောအဖြေရရှိရေးအတွက် ညီညွတ်ရေးအစိုးရအပါအဝင် ပါဝင်သည့်ပါတီအားလုံး၏အရေးပါမှုကို အလေးပေးပြောကြားခဲ့သည် ။ 

“အကြမ်းဖက်မှုချက်ချင်းရပ်ဖို့အတွက် စစ်တပ်ကိုတိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာနိုင်ငံကို ကျနော်လာခဲ့တာပါ” ဟု ဘန်ကီမွန်းကပြောသည် ။

“ကျွန်တော့်ရဲ့ဒီအစည်းအဝေးတွေက လေ့လာစူးစမ်းမှုလာလုပ်တာပါ ။ မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ငြိမ်းချမ်းရေး ၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုတို့ရရှိဖို့ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောသည် ။

ဘန်ကီမွန်းသည် မြန်မာစစ်တပ်၏ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်သည်။ 

နေပြည်တော်တွင် တွေ့ဆုံရာ၌ ဘန်ကီမွန်းက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ သဘောတူညီချက်ငါးရပ်နှင့် ပြီးခဲ့သည့်ဒီဇင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်၂၆၆၉ကိုအကောင်အထည်ဖော်ရာတွင် အရေးတကြီးလုပ်ဆောင်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည် ။ 

မတရားဖမ်းဆီးခံထားရသော အကျဉ်းသားအားလုံးကို မြန်မာစစ်တပ်က ချက်ခြင်းပြန်လွှတ်ပေးရန် ၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်နှင့် ပါတီအားလုံးမှအစွမ်းကုန်ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏တောင်းဆိုနေမှုကို ဘန်ကီမွန်းက ထောက်ခံခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မကြာသေးမီက စစ်တပ်မှပြုလုပ်ခဲ့သည့် စစ်ရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် အရပ်သား ၁၆၀ကျော်သေဆုံးခဲ့သည့်အတွက် နိုင်ငံတကာအနေဖြင့် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဘန်ကီမွန်းကထပ်လောင်းပြောဆိုခဲ့သည်။ 

လွတ်လပ်၍တရားမျှတမှုရှိရန် အခြေအနေများရှိမှသာ ရွေးကောက်ပွဲကိုကျင်းပရမည်ဟု ၎င်းက သတိပေးသည် ။ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲများကျင်းပခြင်းသည် အကြမ်းဖက်မှုနှင့် ကွဲလွဲမှုများကို ပိုမိုအန္တရာယ်များစေပြီး ရလဒ်များကို မြန်မာနိုင်ငံ ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုခြင်း မရှိနိုင်ပေ။

ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်မှုသို့ အပြည့်အဝအသွင်ကူးပြောင်းရေးတွင်ပံ့ပိုးကူညီမှုသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံနှင့် The Eldersအဖွဲ့ဝင်များ၏ထိတွေ့ဆက်ဆံမှုတွင် ထူးခြားချက်တစ်ခုဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်းကိုယ်၌က မြန်မာနိုင်ငံ၏ တိုးတက်မှုကိုကူညီပံ့ပိုးပေးသည့် ကိုယ်ရေးကိုယ်တာသမိုင်းကြောင်းလည်းရှိခဲ့သည်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအသိုင်းအဝန်းဟာ နိုင်ငံတကာကစိုးရိမ်ပူပန်မှုဖြစ်စေတဲ့ အရင်းအမြစ်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် သူတို့ရဲ့ ကတိကဝတ်တွေမှာ စည်းလုံးညီညွတ်ပြီး သန္နိဋ္ဌာန်ချဖို့လိုပါတယ် ။ စိတ်ရှည်သည်းခံစိတ်နဲ့ လက်ရှိအကျပ်အတည်းကနေ ရှေ့ဆက်ဖို့ခြေလှမ်းတွေကို ရှာဖွေနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ် ။ မြန်မာစစ်တပ်အနေနဲ့ ပြောင်းလဲဖို့အတွက် ပထမခြေလှမ်းကိုတော့လှမ်းရပါမယ်” ဟု ဘန်ကီမွန်းကပြောသည် ။

The Eldersအဖွဲ့သည် ကမ္ဘာတစ်ဝန်းမှ ဩဇာတိက္ကမကြီးမားသည့် သမ္မတဟောင်းများ ၊ ဝန်ကြီးချုပ်ဟောင်းများ ၊ ဝန်ကြီးဟောင်းများ ၊ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်များနှင့် သက်ကြီးဝါရင့်လူ့အခွင့်အရေးနှင့်အမျိုးသမီးအခ္ငင့်အရေးတက်ကြွလှုပ်ရှားသူများပါဝင်သည့်အဖွဲ့အစည်းဖြစ်ပြီး ၁၉၉၃ခုနှစ်၏ ပူး‌တွဲနိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် တောင်အာဖရိက၏ပထမဆုံးလူမည်းသမ္မ‌တ(၁၉၉၄ခုနှစ် - ၁၉၉၉ခုနှစ်)ဖြစ်သည့် ကွယ်လွန်သူသမ္မတဟောင်းနယ်လ်ဆင်မန်ဒဲလားက ၂၀၀၇ခုနှစ်တွင် ဦးဆောင်ကမကထပြုခဲ့သည့် အဖွဲ့အစည်းဖြစ်သည် ။ 

လက်ရှိတွင် အဖွဲ့၏ဥက္ကဋ္ဌအဖြစ် အိုင်ယာလန်၏ပထမဆုံးအမျိုးသမီးသမ္မတ (၁၉၉၀ခုနှစ် - ၁၉၉၇ခုနှစ်)နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး (၁၉၉၇ - ၂၀၀၂)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဟောင်း မေရီရော်ဘင်ဆန်က ဥက္ကဋ္ဌ ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း (၂၀၀၇ - ၂၀၁၆)နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်း (၂၀၀၄ - ၂၀၀၆)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဘန်ကီမွန်းနှင့် တောင်အာဖရိကသမ္မတဟောင်းနယ်လ်ဆင်မန်ဒဲလားနှင့် မိုဇမ်ဘစ်နိုင်ငံ၏ပထမဆုံးသမ္မတဆာမိုရာမာရှယ်လ်တို့ နှစ်ဦးစလုံး၏ဇနီးဖြစ်သည့် မိုဇမ်ဘစ်နိုင်ငံ၏ပထမဆုံးပညာရေးဝန်ကြီး (၁၉၇၅ခုနှစ် - ၁၉၈၉ခုနှစ်) ဂရေကာမာရှယ်လ်တို့က ပူးတွဲဒုတိယဥက္ကဋ္ဌများအဖြစ် The Eldersအဖွဲ့ကို ဦးဆောင်နေကြပါသည် ။

စာတည်း - သန့်ဇော်(သန်လျင်)

သတင်းဘာသာပြန်ရေးသားသူ - ရှိန်မင်းမောင်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly