မယ်ခါးထာ့စခန်းအား ပြန်လည်ရယူရန် စစ်ကောင်စီတပ်က လေကြောင်းနှင့် မြေပြင်တွင် တိုက်ခိုက်မှုပြုလုပ်

By YT  ( မဇ္ဈိမ)
25 April 2023
မယ်ခါးထာ့စခန်းအား ပြန်လည်ရယူရန် စစ်ကောင်စီတပ်က လေကြောင်းနှင့် မြေပြင်တွင် တိုက်ခိုက်မှုပြုလုပ်

ကရင်အမျိုးသားအစည်းအရုံး (KNU ) တပ်မဟာ (၅) နယ်မြေ၊ မူတြော်ခရိုင် (ဖာပွန်)၊ သံလွင်မြစ်ကမ်းနားဘေးရှိ မယ်ခါးထာ့စခန်းအား ပြန်လည်ရယူရန် စစ်ကောင်စီတပ်ဘက်မှ မြေပြင်မှပုန်းအောင်းတိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းတို့ကိုပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မယ်ခါးထာ့စခန်းကုန်းအဟောင်းအနီးတစ်ဝိုက်အား ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ မြေပြင်တွင်လည်း စစ်ကောင်စီတပ်သားများက မယ်ခါးထာ့စခန်းကုန်းအနီးတစ်ဝိုက်အထိ ပုန်းအောင်းလှုပ်ရှားမှုများရှိကြောင်း သိရသည်။ 

ထိုသို့ စစ်ကောင်စီတပ်​၏ မယ်ခါးထာ့စခန်းအား ပြန်လည်ရယူရန် ကြိုးစားလာမှုများကြောင့် မြေပြင်တွင် စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၅) KNLA ပူးပေါင်းတပ်ဖွဲ့အကြား ပစ်ခတ်မှုများ ရှိနေကြောင်း KNU နှင့် နီးစပ်သော သတင်းအရင်းအမြစ်ထံက သိရသည်။ 

" လေယာဉ်နဲ့က ၂၂ ရက်နေ့က လာကြဲတယ်။ စခန်းကုန်းဟောင်းပေါ်မှာပဲ။ စစ်ကောင်စီက မယ်ခါးထာ့မှာတော့ စခန်းကုန်းပေါ် မတက်နေသေးဘူး။ ပုန်းအောင်းလှုပ်ရှားနေတယ်၊ ပစ်ခတ်မှုတော့ရှိတယ်။ KNLA အနေနဲ့ကတော့ တပ်ပေါင်းစုနဲ့ နည်းလမ်းမျိုးစုံပေါ့။ ခံစစ်၊ ပြောက်ကျား၊ ထိုးစစ်ဆင်တာမျိုးရှိတယ်" ဟု ၎င်းက မဇ္ဈိမကိုပြောသည်။ 

ဒါ့အပြင် မြေပြင်၌လည်း ဖာပွန်အခြေစိုက် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်​၏ စစ်ကြောင်းတစ်ကြောင်းသည် လယ်တိုးမြို့နယ်အနီးတစ်ဝိုက်အထိ  တိုးချဲ့ လှုပ်ရှားလာကြကြောင်း သိရသည်။ 

" အင်အား၂၀၀ ခန့်က အရင်ကတည်းက ရှိပြီးသား။ ဖာပွန်ဒေသက စစ်ကြောင်းပဲ၊ အခု လယ်တိုး အနီးအနားတစ်ဝိုက်မှာ သူတို့လှုပ်ရှားနေတယ်" ဟု ဆိုသည်။ 

မယ်ခါးထာ့စခန်းအား ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၊ နံနက်ပိုင်းက တပ်မဟာ (၅) KNLA၊ Force For Federal Democracy- FFD ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်အတွင်း အပြီးသတ် ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးခဲ့ကာ ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း KNU က မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မယ်ခါးထာ့စခန်းနေရာသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၀) အခြေစိုက်ရာနေရာဖြစ်ပြီး KNU ဗဟိုဌာနချုပ် မာနယ်ပလောကျဆုံးချိန် ၁၉၉၅ ခုနှစ်တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ သိမ်းယူအထိုင်ချထားသော စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly