မြို့ပြစစ်ဆင်ရေး စစ်ကောင်စီကို ခြောက်လှန့်နေဆဲလား

By မွန်မွန်၊ ဘိုဟန်
25 April 2023
မြို့ပြစစ်ဆင်ရေး စစ်ကောင်စီကို ခြောက်လှန့်နေဆဲလား

(MCIJ) ကိုချမ်းငြိမ်းသူကို ရန်ကုန်မြို့ မြို့ပြ ပြောက်ကျားတွေကြားမှာ ရဲဘော်အရိပ် သို့မဟုတ် ပန်ဒါ လို့ လူသိများပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က ကိုချမ်းငြိမ်းသူဟာ အစားအသောက်တွေကို ပို့ဆောင်တဲ့ Food Panda Delivery လုပ်ငန်းမှာ စက်ဘီးနဲ့ အစားအသောက်ပို့သူဖြစ်ပြီး အာဏာသိမ်းပြီးချိန်မှာ အစားအသောက်ပို့ရင်းနဲ့ ဆန္ဒပြပွဲတွေ ပါဝင်ဆင်နွှဲနေခဲ့ပါတယ်။ ဒီလိုနဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွင်း၊ အကြမ်းဖက်ဖမ်းဆီးတာတွေ လုပ်လာခဲ့ချိန်မှာတော့ ကိုချမ်းငြိမ်းသူဟာ အဖမ်းခံရပါတယ်။ အဲဒီနောက် ပုဒ်မ ၅၀၅ အတပ်ခံရပြီး အကျဉ်းထောင်ထဲမှာ ခြောက်လလောက်နေရပါတယ်။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့နောက် ကွဲပြားသွားတဲ့ ရန်ကုန်မြို့ကြီးကို ပြန်တွေ့ရပါတော့တယ်။ အရင်က စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လူထုဆန္ဒဖော်ထုတ်ပွဲတွေ၊ သပိတ်တွေကို မတွေ့ရတော့ပါဘူး။ စစ်ကောင်စီက လူသတ်လက်နက်တွေသုံးပြီး အကြမ်းဖက်ဖြိုခွင်းတာဟာ လူငယ်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်စေပါတော့တယ်။ ပန်ဒါဟာလည်း ကရင်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ခဲ့ပါတော့တယ်။

စစ်သင်တန်းတက်ရောက်ပြီးတဲ့လူငယ်တစ်ချို့ဟာ မြို့ပြတွေကိုတိတ်တဆိတ်ပြန်လည်ဝင်ရောက်လာခဲ့သလို ကိုချမ်းငြိမ်းသူလည်း ရန်ကုန်ကိုပြန်ဝင်လာပါတယ်။

“အသက်နဲ့ရင်း လုပ်ရတာတွေက သူတို့ အာဏာသိမ်းစစ်ကောင်စီ မြို့ပြမှာကော၊ ကျေးလက်မှာကောလုံးဝအုပ်ချုပ်ခွင့်မရဘူးဆိုတာ ပြသချင်လို့ပါ။ မြို့ပြက လူတွေ တော်လှန်ရေးကို သွေးမအေးစေဖို့ ရင်းနှီးမှုတွေပေါ့” လို့ အသက် ၂၂ နှစ်အရွယ် ကိုချမ်းငြိမ်းသူက MCIJ ကိုပြောပါတယ်။

မြိုပြတော်လှန်ရေးသမားတွေရဲ့ ပစ်မှတ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ လုံခြုံရေးကင်းစခန်းတွေ၊ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ စစ်တပ်သတင်းပေးဆိုသူတွေ ပါပါတယ်။

၂၀၂၁ မေလလောက်ကတည်းက မြို့ပြပြောက်ကျားတွေရဲ့တိုက်ခိုက်မှုတွေရှိလာခဲ့ပြီး စက်တင်ဘာ ၇ ရက်နေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်ဝန်းအရေးပေါ်အခြေအနေ D-Day ကြေညာခဲ့ပါတယ်။ ၂၀၂၁ အောက်တိုဘာလထဲမှာတော့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ဟာ နောင်မှာ နာမည်ကျော်တိုက်ခိုက်မှုတွေကို လုပ်လာခဲ့သလို မိမိဘာသာအစုအဖွဲ့အလျောက်ဖွဲ့စည်းထားတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့လည်းချိတ်ဆက်ကာ မစ်ရှင်တွေ စီစဉ်အကောင်အထည်ဖော်ဖို့၊ အထောက်အပံ့ပြုတာနဲ့ လုံခြုံရေးအတွက်စီစဉ်တာတွေလုပ်ပါတယ်။

ကိုချမ်းငြိမ်းသူတို့အဖွဲ့ဟာ Dark Shadow လို့ခေါ်ပါတယ်။ ရန်ကုန်မှာ Dark Shadow တို့လို မြိုဲ့ပြပြောက်ကျားအဖွဲ့ပေါင်းဘယ်နှစ်ဖွဲ့ရှိတယ်ဆိုတာ မသိရပေမဲ့ တိုက်ခိုက်မှုတွေကတော့ မနည်းလှတာကို MCIJ ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်မှာ အကြိမ်ရေ ၁၀၀ကျော် ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ လက်ရှိ ဧပြီလ နှောင်းပိုင်းအထိကို အကြိမ်ရေ ၂၀ ကျော်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

‘’အခက်အခဲကတော့ အများကြီးပဲ၊ မစ်ရှစ်တစ်ခုပြီးရင် ကိုယ့်ဝပ်ကျင်းကိုယ်ဘယ်လိုပြန်လာမလဲဆိုတာအခက်ဆုံးပဲ’’ လို့ ရဲဘော်အရိပ်လို့ ချစ်စနိုးနဲ့အခေါ်ခံရတဲ့ ကိုချမ်းငြိမ်းသူက ပြောပါတယ်။

‘’အသက်နဲ့ရင်းထားတဲ့ စစ်ဆင်ရေးတွေလုပ်ရတယ်။ တစ်ခါတုန်းကဆို အဲဒီလိုရှိတဲ့ ငွေနဲ့ရထားတဲ့ အလှူငွေလေးနဲ့ မစ်ရှင် က ဖို့ လှည်းတန်းမှာပြင်ထားတယ်။ မနက်ခင်းလမ်းလျှောက်ထွက်သူတွေတချို့ရောက်လာတော့ ပြည်သူထိခိုက်မှာစိုးလို့ မစ်ရှင်မလုပ်ခဲ့ရဘူး။ အဲဒီမစ်ရှင်အတွက် Scout (ကင်းထောက်) လွှတ်ထားတာတွေ၊ ရင်းထားတာတွေ အချိန်ယူထားတာတွေအများကြီးပဲ။ အိမ်ပြန်ရောက်တော့ ငိုရတယ်’’ လို့ ဆိုပါတယ်။

၂၀၂၂ ဧပြီလထဲမှာ Dark Shadow အဖွဲ့ သေပြေး၊ ရှင်ပြေး ပြေးခဲ့ရမှုကြုံခဲ့ရပါတယ်။ ရန်ကုန်မြို့တစ်ဖက်ကမ်း ကြည့်မြင့်တိုင် အလတ်ချောင်းကျေးရွာမှာသူတို့အဖွဲ့ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် သေသူသေ၊ အဖမ်းခံရသူအဖမ်းခံရ၊ လွတ်သူလွတ်နဲ့ဖြစ်ခဲ့ပါတယ်။ အဲဒီစီးနင်းမှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေရဲ့ မှတ်တမ်းတင်ဖော်ပြချက်တွေအရ မျက်မြင်အားဖြင့် Dark Shadow အဖွဲ့ဝင်လူငယ်တစ်ဦး အသေပစ်သတ်ခံခဲ့ရပါတယ်။ ကျန်သူတွေကိုလည်း ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တဲ့အတွက် ဖမ်းဆီးခံရသူ ၁၀ ဦးကျော်မှာလည်း သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ယူဆချက်တွေရှိနေပေမဲ့လည်း သူတို့တွေရဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ သေဆုံးမှုအရေအတွက်ကတော့ ပဟေဠိ ဖြစ်နေဆဲပါပဲ။

‘’လာဖမ်းနေတာသိလိုက်တဲ့အချိန် ကိုက် ၁၀၀ လောက်ပဲဝေးတော့တယ်။ ဖောက်ခွဲရေးပစ္စည်းတချို့ ရွေ့နေတုန်းပဲရှိသေးတယ် ဝင်စီးတာ။ ကျွန်တော်တို့လည်း ငယ်သံပါအောင် အော်ပြီးပြေးရတယ် ’’ လို့ အဲဒီဖြစ်စဉ်မှာပြန်လွတ်လာတဲ့ ကိုချမ်းငြိမ်းသူက ပြောပြပါတယ်။

ဆူးကြမ်းတွေကြားက တော်လှန်ရေးသမားများ

မြို့ပြပြောက်ကျားရဲဘော်တွေအတွက် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေမှာ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေသတ်မှတ်ပြီး စစ်ကောင်စီကိုခုခံတွန်းလှန်ဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ အရပ်သားတွေကိုထိခိုက်မှာစိုးလို့ ဖျက်ပစ်လိုက်ရတဲ့ မစ်ရှင်တွေလည်းရှိပါတယ်။

“၂၀၂၂ ခုနှစ်ထဲမှာ ပေါင်းလိုက်ရင် စစ်ဆင်ရေးပေါင်း ၇၀ ကျော်လောက်လုပ်နိုင်ခဲ့တယ်။ ပြည်သူထိခိုက်မှာစိုးလို့ ဖျက်ခဲ့ရတဲ့ စစ်ဆင်ရေး ခြောက်ခုလောက် ရှိတယ်။ ပစ္စည်း Error တက်ပြီးဖျက်သိမ်းခဲ့ရတဲ့ စစ်ဆင်ရေးတွေလည်းရှိတယ်’’ လို့ Yangon UG Associationရဲ့ စစ်ဆင်ရေးတာဝန်ခံဆရာကျောင်းက ပြောပါတယ်။

ဆရာကျောင်းရဲ့ Yangon UG Association ဟာ ၂၀၂၁ ခုနှစ်မေလကစပြီး ရန်ကုန်မြို့ပြမှာလှုပ်ရှားခဲ့ပြီး အစပိုင်းမှာကို စစ်ဆင်ရေးပေါင်း ၂၀ကျော်လုပ်နိုင်ခဲ့တယ်။ ၂၀၂၂ မှာ သီးခြားစစ်ဆင်ရေးမလုပ်နိုင်ပေမဲ့ တခြားမြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေပေါင်းပြီးလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ပြောက်ကျားလူငယ်တွေအတွက် စိန်ခေါ်မှုကြီးတစ်ခုက ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်တဲ့အပိုင်းဖြစ်ပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ်ရာမှာ အများစုသော လူငယ်တွေက စနစ်တကျသင်ယူတတ်မြောက်ထားမှု မရှိကြပါဘူး။

“ဖောက်ခွဲရေးမှာဆရာမရှိဘူး။ ဒါကျွန်တော်တို့လက်သုံးစကားပဲ။ အဲဒီလိုပဲ ဖောက်ခွဲရေးပစ္စည်း error (အမှားအယွင်းလုပ်မိတာ) ကလည်း ကျွန်တော်တို့မခန့်မှန်းနိုင်ဘူး။ မစ်ရှင်ကမစရသေးဘူး။ ပစ္စည်းစမ်းရင်း သေသွားတဲ့ရဲဘော်တွေအများကြီးပဲ’’ လို့ မြို့ပြပြောက်ကျားလူငယ်တဦးက ပြောပါတယ်။

မတော်တဆထိခိုက်မှုတွေဖြစ်လာတဲ့ ပြောက်ကျားလူငယ်တွေအတွက်ဒဏ်ရာအနာတရဖြစ်ချိန် အသက်ဘေးနဲ့ ကြုံချိန်မှာလည်း ဘယ်မှာသွားကုသရမလဲဆိုတဲ့မေးခွန်းအတွက်လည်း အဖြေက ခက်လှပါတယ်။

“ခြေပြတ်၊ လက်ပြတ်ဖြစ်ရင် ဘယ်ဆရာဝန်က ကုပေးရဲမှာလဲ၊ ကုပေးတဲ့ ဆရာဝန်ရှာရင်းနဲ့ပဲအသက်ဆုံးရှုံးရတာတွေ အဖမ်းခံရတာတွေ လူမသိသူမသိဖြစ်ရပ်တွေအများကြီးပဲ’’ လို့ ရန်ကုန်မြို့ ပြောက်ကျားလူငယ်တစ်ဦးက ဆိုပါတယ်။

“ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုအောင်မြင်တဲ့အခါ လူမှုကွန်ရက်ပေါ်မှာ ပြည်သူတွေဝမ်းသာအားရဖြစ်တဲ့ မှတ်ချက်တွေနဲ့ ဆုတောင်းစကားတွေက နောက်တစ်ဆင့်ဆက်လုပ်ဖို့ အင်အားဖြစ်စေတယ်” လို့ သူက ပြောပြာပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက မြို့ပြပြောက်ကျားစစ်ဆင်ရေးမှာပါဝင်သူတွေကို သတင်းအစအနရတာနဲ့ အင်အားသုံးဖမ်းဆီးမှုတွေလုပ်ပါတယ်။ လူငယ်တချို့ကတော့ အဖွဲတွင်းဒလန်ကြောင့် ဖမ်းဆီးခံရပြီး တချို့လူငယ်တွေကတော့ ပတ်ဝန်းကျင်က သတင်းပေးကြောင့် ဖမ်းဆီးခံကြရပါတယ်။

ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီကသတင်းထုတ်ပြန်သူတွေရှိသလို ဘာသတင်းမှမရဘဲ စစ်ကြောရေးစခန်းတွေမှာတင် သတင်းအစနပျောက်သွားတဲ့သူတွေလည်း ရှိနေခဲ့ပါတယ်။

၂၀၂၂ ဧပြီလထဲမှာတော့ မန္တလေးမြို့က မြို့ပြပြောက်ကျား အဖွဲ့ နှစ်ခု ဆက်တိုက်စီးနင်းဖမ်းဆီးခံရပြီး Myanmar Revolution Ranger Force (MRRF) အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေအပါအဝင် နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး မန္တလေးမြိုပြင်မှာ စွန့်ပစ်ထားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာပဲ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ကလူငယ်တွေ ဆယ်နဲ့ချီပြီးဖမ်းဆီးခံရတဲ့သတင်းကို စစ်ကောင်စီကထုတ်ပြန်ခဲ့သလို မြို့ပြပြောက်ကျားအဖွဲ့တွေကလည်း အတည်ပြုပါတယ်။

အထင်ကရဖြစ်ခဲ့တဲ့ မန္တလေးမြို့က ဖမ်းဆီးမှုဖြစ်စဉ်တွေနဲ့ ရန်ကုန်မြို့ ၄၄ လမ်းမှာ လူငယ်တချို့အဖမ်းဆီးခံရတဲ့ဖြစ်ရပ်တွေမှာ အမေးအမြန်းမရှိဘဲပစ်ခတ်တာကိုကြည့်ရင် အသေပစ်ခတ်ဖမ်းဆီးဖို့ အမိန့်ထုတ်ထားတာထင်ရှားပါတယ်။

‘’အိမ်ဌားလို့မရဘူး။ တစ်အိမ်ပြီး တစ်အိမ်ပြောင်းရတယ်။ နေ့ခင်းဖြစ်ဖြစ် ညဖြစ်ဖြစ်အိမ်ရှေ့မှာ ကားတံခါးပိတ်သံကြားပြီဆိုရင် လာဖမ်းပြီဆိုတဲ့အသိနဲ့ကားတံခါးပိတ်သံက ကျွန်တော်ကိုခြောက်လှန့်နေတယ်။ တော်လှန်ရေးပြီးရင်တောင် ကားတံခါးပိတ်သံက ဆက်ခြောက်လှန့်နေဦးမယ်ထင်တယ်’’ လို့ ရန်ကုန်မြို့က တော်လှန်ရေးသမား လူငယ်တစ်ဦးက ပြောပါတယ်။

ဒီလိုအန္တာရာယ်တွေကြားကလှုပ်ရှားနေတဲ့ လူငယ်တချို့ဟာNUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေအောက်က မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေသူတွေရှိသလို သီးခြားလှုပ်ရှားနေတဲ့ အဖွဲ့တွေလည်းရှိနေပါတယ်။

NUG ရဲ့ ကာကွယ်ရေးဌာနအောက်ကနေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေမှာတော့ ထောက်ပံ့ကူညီမှုတွေအခိုင်အမာရှိပေမယ့် သီးခြားလွတ်လပ်တဲ့ မြို့ပြပြောက်ကျားတွေကတော့ရပ်တည်ဖို့က နီးစပ်ရာပြည်သူတွေရဲ့အထောက်အပံ့ပေါ်သာ အားပြုရပါတယ်။

‘’ကျွန်တော်တို့ အဲဒီစစ်ဆင်ရေး (NUG) ဘက်က တာဝန်ရှိသူတွေဆီကို ချိတ်ဆက်ကြည့်သေးတယ်။ ထိရောက်တဲ့တုံ့ပြန်မှုတွေမရတာနဲ့ သီးခြား ရပ်တည်ဖြစ်တယ်။ သူငယ်ချင်းမိတ်ဆွေတချို့ထောက်ပံ့တာရှိတယ်။ ကျွန်တော်တို့ အဖွဲ့တွေကို ယုံကြည်တဲ့ ပြည်သူတချို့ ထောက်ပံ့တာတွေရှိတယ်။ ဒီလိုပဲရပ်တည်နေတာပဲ။ အခက်အခဲကတော့ တစ်ခါတလေ ၃၀ တိုးနဲ့တောင် ချေးပြီးမစ်ရှင်လုပ်ရတာရှိတယ်” လို့ ပြောက်ကျားတစ်ဦးက MCIJ ကို ပြောပါတယ်။

အချို့သောမြို့ပြပြောက်ကျားအဖွဲ့တွေကတော့ မြို့ပြမှာဆက်လက်ရပ်တည်ဖို့ခက်ခဲလာတာကြောင့် မြို့ပြကိုစွန့်ခွာကြပါတယ်။

‘’NUG ဆီကိုအကြိမ်ကြိမ်အကူအညီတောင်းခဲ့ပါတယ်။ တစ်ခါမှအထောက်အပံ့မရခဲ့ဘူး။အစပိုင်းကိုယ့်လုပ်အားနဲ့ကိုယ် ရပ်တည်ကြတယ်။ မနိုင်တော့တဲ့အခါပြည်သူတွေဆီကထောက်ပံ့မှုတွေယူတယ်။ NUG ဆီကအကူအညီမရတဲ့အပေါ်တော့ ဘာမှမပြောချင်ပါဘူး။ထောက်ပံ့နေတာတွေများလို့ ကျွန်တော်တို့အလှည့်မကျသေးဘူးလို့ပဲ မှတ်ပါတယ်’’ လို့ ရန်ကုန်က မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Generation Y Guerilla - GY G အဖွဲ့ကလူငယ်တစ်ဦးကပြောပါတယ်။

ပြောက်ကျားအဖွဲ့တချို့က အထိန်းအကွပ်မရှိလုပ်ဆောင်မှုတွေကြောင့်လည်း ပြည်သူတွေထိခိုက်နိုင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေဖြစ်ခဲ့တာရှိပါတယ်။

‘’ အင်းစိန်ထောင်ဝင်စာပို့တဲ့နေရာက မစ်ရှင်မျိုးဆို ကျွန်တော်တို့လက်မခံနိုင်ဘူး။ ဒါစစ်ရေးပစ်မှတ်မဟုတ်ဘူး။ အထဲမှာရှိနေတဲ့ ကျွန်တော်တို့တော်လှန်ရေး ရဲဘော်တွေရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာလာပို့တာရှိမယ်။ အခုလို ဖြစ်ရပ်တွေကြောင့် အထဲမှာနေတဲ့ ရဲဘော်တွေလည်းအများကြီး ထိခိုက်သွားမယ်။ စစ်ရေးပစ်မှတ်ကိုသေချာသိဖို့လိုတယ်။ ပြည်သူတွေမထိခိုက်ဖို့လိုတယ်။ ကျွန်တော်တို့ ဘားတွေကလပ်တွေနားမစ်ရှင်လုပ်မယ်ဆိုရင်တောင် အရင်ဆုံးသတိပေးစာထုတ်တာမျိုးရှိတယ်။ အခုလိုပြည်သူထိခိုက်တဲ့ မစ်ရှင်တွေအတွက် ထိန်းချုပ်ဖို့လိုလားဆိုရင် ဘယ်သူမှထိန်းချုပ်လို့ရမှာမဟုတ်ဘူး။ တော်လှန်ရေးအဖွဲ့တွေက ဖယ်ကျဉ်ထားတာလောက်ပဲလုပ်လို့ရမယ်။ တစ်ချိန်တော်လှန်ရေးအောင်နိုင်ရင်တော့ အရေးယူတာတွေလုပ်ရမှာပေါ့။ ကျွန်တော်တို့လည်း ပြည်သူမထိခိုက်အောင်အတတ်နိုင်ဆုံးလုပ်ပေမယ့် ထိခိုက်သွားတာမျိုးရှိခဲ့ရင် တော်လှန်ရေးပြီးလို့ အပြစ်ပေးရင်လက်ခံမှာပါ’’ လို့ Generation Y Guerilla - GY G အဖွဲ့ကလူငယ်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ အင်းစိန်ထောင်အဝင်က ထောင်ဝင်စာတွေ့တဲ့အဆောက်အဦတွင်းမှာ အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအချို့ရဲ့ဆွေမျိုးတွေအပါအဝင် လူရှစ်ဦးသေဆုံးခဲ့တဲ့အဖြစ်ကို သူက ညွှန်းဆိုသွားတာဖြစ်ပါတယ်။

NUG ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ စစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးက “မြို့ပြဆိုတော့ ရန်သူ့နယ်မြေထဲမှာလည်းလှုပ်ရှားနေရတာဖြစ်တယ်။ မြို့ပြမှာရှိတဲ့ (သီးခြား) လှုပ်ရှားနေတဲ့ အဖွဲ့တွေရော၊ ကျွန်တော်တို့ COC အောက်က (အဖွဲ့တွေ) ရော တော်တော်လေးခက်ခက်ခဲခဲ တော်လှန်ရေးစိတ်ဓာတ်နဲ့ လုပ်ဆောင်နေကြတယ်” လို့ MCIJ ကိုပြောပါတယ်။

တချို့သောမြို့ပြပြောက်ကျားအဖွဲ့တွေကို ငွေထောက်ပံ့နိုင်မှု မရှိတာနဲ့ပတ်သက်ပြီး “ပြည်သူ့ပိုက်ဆံတွေနဲ့ပဲ ဒါတွေအကုန်လုံးက လည်ပတ်နေကြတာဖြစ်တာကိုး။ ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်တို့ ရန်ကုန် (ရန်ကုန်တိုင်းစစ်ဒေသခွဲစစ်ဆင်ရေး) အနေနဲ့ တောင် NUG က ထောက်ပံ့မှုမရှိဘူးလေ။ ကျွန်တော်တို့ အတတ်နိုင်ဆုံးရှာဖွေဖန်တီးကြံဆတယ်။ အသုံးစရိတ်ကလည်းမြင့်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းရတာတွေရှိတယ်” လို့ သူက ပြောပါတယ်။

“လွတ်မြောက်နယ်မြေမှာရှိတဲ့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်ရတဲ့ စစ်ဆင်ရေးတွေတောင်မှ လိုအပ်ချက်တွေပြည့်မီဖို့ တော်တော်လေးရုန်းကန်နေကြရတယ်။ မြို့ပြမှာဆိုရင်လည်း ထောက်ပို့လမ်းကြောင်းတွေကအစ တော်တော်လေးခက်ခဲတယ်” လို့ သူက ဆက်ပြောပါတယ်။

မြို့ပြစစ်ဆင်ရေးအတွက် လက်နက်ထောက်ပို့ဟာလည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။ NUG အနေနဲ့ လည်း ရန်သူ့လက်ထဲမှာ လှုပ်ရှားရတဲ့ စစ်ဆင်ရေးတွေမှာ ဘယ်လိုကွပ်ကဲနေတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ မဖြေကြားခဲ့ပါဘူး။

မြို့ပြတော်လှန်ရေးကို ကွပ်ကဲရတဲ့အခါ ရဲဘော်တွေရဲ့ နေရေးထိုင်ရေးနဲ့ သွားရေးလာရေးဟာ အများကြီး အရေးပါတဲ့ အစိတ်အပိုင်းမှာ ရှိနေပါတယ်။ ဦးဂျင်မီ၊ ဦးဇေယျာသော်တို့ အဖမ်းခံရတဲ့နောက်မှာ အားအင်ချည့်နဲ့သွားတဲ့ မြို့ပြပြောက်ကျား တော်လှန်ရေးကို နလန်ထူဖို့ လူငယ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကပဲ အစွမ်းကုန်ပြန်ကြိုးစားခဲ့ကြရပါတယ်။

“ကိုဇေယျာသော်တို့မိတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့လက်နက်တွေ အကုန်လုံးကုန်သွားတယ်။ တိုက်ခန်းပေါင်း ၄၀ ကျော်နဲ့ ပိုက်ဆံတွေလည်းအများကြီးပဲ။ အကုန်လုံးနီးပါးပဲ ဘာမှမကျန်ခဲ့ဘူး။ အဲလိုအနေအထားကနေပြန်တည်ဆောက်ထားရတာ” လို့ မြို့ပြစစ်ဆင်ရေးကို ခက်ခက်ခဲခဲ ကိုင်တွယ်နေရတဲ့ အခြေအနေကို NUG ရဲ့ စစ်ဆင်ရေးတာဝန်ရှိသူက ရှင်းပြတယ်။

ရန်ကုန်က နာမည်ကျော် စစ်ဆင်ရေးများ

- ၂၀၂၁ ခုနှစ် အောက်တိုဘာ၂၃ ရက်နေ့မှာဖြစ်ခဲ့တဲ့ ရန်ကုန်၊ ကြည့်မြင်တိုင်၊ ဗားကရာချောက်နားမှာရှိတဲ့ စစ်ကောင်စီကင်းစခန်းကို မြို့ပြပြောက်ကျားတွေ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ဟာလည်း လူထုကြားမှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်သားတချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

⁃ ၂၀၂၁ ဩဂုတ် ၁၄ ရက်မှာ STF အထူးတပ်ဖွဲ့ (STF -Special Task Force) အဖွဲ့က ရန်ကုန်-အင်းစိန်မြို့ပတ်ရထားပေါ်မှာ ရထားရဲတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ ရဲလေးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သလို ရဲတွေဆီက သေနတ် လေးလက် သိမ်းဆည်းရရှိခဲ့ကြပါတယ်။

⁃ ၂၀၂၂ ခုနှစ်ဇူလိုင် ၁၈ ရက်မှာတော့ ရန်ကုန်လှိုင်မြို့နယ်ဘုရင့်နောင် (၄)လမ်းမှာနေထိုင်တဲ့ စစ်ကောင်စီတပ်ဗိုလ်ကြီး အောင်နိုင်ဖြိုးနဲ့ ဇနီးဖြစ်သူတို့ ကားနဲ့ထွက်လာချိန် ANONYMOUS Urban Guerrillas အဖွဲ့ကပစ်ခတ်လို့ နှစ်ဦးလုံး သေဆုံးခဲ့ပါတယ်။

⁃ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇတို့ ရန်ကုန် လှိုင်မြို့နယ်က‌ သူတို့ရဲ့နေအိမ်မှာ Inya Urban Force အဖွဲ့နဲ့ အမည်မဖော်လိုတဲ့ ပြောက်ကျားအဖွဲ့တစ်ခု ပစ်သတ်ခဲ့ပါတယ်။

- မန္တလေးက မြို့ပြပြောက်ကျားလှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေနဲ့ ဆက်စပ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံထားရသူတွေကို ရုံးထုတ်ပြီးအပြန်မှာ အချုပ်ကားကို တိုက်ခိုက်ပြီးကယ်တင်ခဲ့မှုလည်းရှိပါသေးတယ်။ အဲဒီဖြစ်စဉ်မှာ ရဲနှစ်ယောက်သေဆုံးသလို ဒဏ်ရာရတဲ့ ရဲတပ်သားတွေလည်းများပါတယ်။ အချုပ်ကားပေါ်က နိုင်ကျဉ်း နှစ်ဦးသာ လွတ်‌မြောက်လာခဲ့ပြီး ကျန် ခြောက်ဦးကတော့ ပြန်လည်ဖမ်းဆီးခံလိုက်ရပါတယ်။ ဒီလှုပ်ရှားမှုကိုတော့ မန္တလေးက မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ uth Keeping Force -Amarapura က ပြုလုပ်တာဖြစ်ပါတယ်။

⁃ ၂၀၂၃ ဇန်နဝါရီလထဲမှာတော့ ရန်ကုန်မြို့မြောက်ဒဂုံမှာနေထိုင်တဲ့ ဦးလှရွှေ (အငြိမ်းစား ဗိုလ်မှူး)ကို မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ သက်ဆိုင်ရာမိသားစုဝင်တွေကတော့ ဦးလှရွှေဟာ မြောက်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အရပ်သားလက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) တစ်ဦးဖြစ်တယ်လို့ ပြန်ရှင်းချက်ထုတ်ထားတာတွေ့ရပါတယ်။

⁃ မတ်လ ၂၄ ရက်မှာတော့ စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့သူတစ်ဦးဖြစ်သလို လက်ရှိကြံ့ခိုင်ရေး ပါတီ ဒုဥက္ကဋ္ဌ၊ လေတပ်ချုပ် ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအပါအဝင် စစ်ဗိုလ်ချုပ်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ ငွေကြေး တွေကို ပြည်ပနိုင်ငံ တွေဆီ ပြောင်းရွှေ့ပေးနေသူတစ်ဦးဖြစ်တဲ့ ဦးမင်းတေဇညွှန့်တင်ကို သန်လျင်မြို့နယ်တစ်နေရာမှာ အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့တယ် လို့ Urban Owlsလို့ အမည်ပေးထားတဲ့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာတဲ့ နောက်ပိုင်းမှာတော့ လေတပ်စခန်းတွေနဲ့ လေတပ်အရာရှိတွေကို မြို့ပြပြောက်ကျားတွေကပစ်မှတ်ထားတိုက်ခိုက်တာတွေလည်း ရှိလာပါတယ်။

မတ်လ ၃၁ ရက်နေ့က မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာနရဲ့ ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေကို မြောက်ဒဂုံမှာရှိတဲ့ သူရဲ့နေအိမ်မှာ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အခုဧပြီလထဲမှာလည်း မင်္ဂလာဒုံလေတပ်ဝန်းနဲ့ လေယာဉ်ဆီတွေ သိုလှောင်ထားတဲ့ ဆီလှောင်ကန်တွေကို ရန်ကုန်မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့တွေက ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဧပြီ ၁၈ ရက်မှာတော့ ရန်ကုန်တိုင်း သန်လျင်မြို့ထဲမှာ နေထိုင်တဲ့ လူသုံးဦးဟာ သေနတ်နဲ့ပစ်ခံရပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ညီထွန်းဟာ ကြည်းတပ်ကအရာရှိဟောင်းတစ်ဦးဖြစ်သလို သူရဲ့ ညီဖြစ်သူဟာဆိုရင်လည်း လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးကျော်စွာထွန်းဖြစ်တယ်လို့ သတင်းဌာနတွေမှာဖော်ပြထားပါတယ်။

- ဧပြီ ၁၂ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းပေါ်မှာ ကားမောင်းနေတဲ့ ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူ ကို

မြို့ပြပြောက်ကျားအဖွဲ့ကပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။ ဦးစိုင်းကျော်သူဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ မလျော်ဩဇာသုံးမှုနဲ့ စွဲဆိုတဲ့အမှုမှာ တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့သူလို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုကိုတော့ For The Yangon ဆိုတဲ့ မြို့ပြပြောက်ကျားအဖွဲ့ ကပြုလုပ်တာဖြစ်ပြီး ဒါ ဟာ ရန်ကုန်တိုင်း စစ်ဒေသခွဲ အထူးစစ်ဆင်ရေးအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့စစ်ဆင်ရေးတာဝန်ရှိသူက ပြောပါတယ်။

မြို့ပြပြောက်ကျားတော်လှန်ရေး ရှေ့ခရီးလမ်း

တစ်ဖက်မှာလည်း နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီက မြို့ပြပြောက်ကျားမှုတွေကို ဖမ်းဆီးမှုတွေဟာ အရင်ထက်ပိုအရှိန်မြင့်လာပါတယ်။

‘’၂၀၂၁ နဲ့ ယှဉ်ရင် ၂၀၂၂ ကဖမ်းဆီးတာပိုများလာတယ်။ အရေအတွက်တော့မပြောနိုင်ဘူး။ ဆယ်နဲ့ချီဖမ်းခံရတယ်။ သံသယနဲ့ဖမ်းဆီးမှုလည်းပိုများလာတယ်။ မဆိုင်တဲ့လူတွေကိုပါဖမ်းလာတယ်။ လူငယ်မှန်ရင် ဖောက်ခွဲရေးသမားလို့ထင်ပြီး သံသယနဲ့ဖမ်းတာတွေပိုများလာတယ်’’ လို့ Yangon UG Associationရဲ့ စစ်ဆင်ရေးတာဝန်ခံဆရာကျောင်းကပြောပါတယ်။

NUG ကတော့ အခု ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအရှိန်မြှင့်မယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး တော်လှန်ရေးအဆုံးအဖြတ်ပေးမယ့်နှစ် တစ်ခုဖြစ်တယ်လို့လည်းထုတ်ပြောထားပါတယ်။ ဒါတွေနဲ့အတူပဲ မြို့ပြစစ်ဆင်ရေးတွေကရော အရှိန်မြှင့်လာနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ မြို့ပြပြောက်ကျားအဖွဲ့တွေက မလွယ်ကူကြောင်း ပြောပြပါတယ်။

“စစ်ရေးအရှိန်မြှင့်မှာ ဘယ်လိုပြောလဲတော့မသိဘူး ။ ကျွန်တော်တို့ကတော့ တော်လှန်ရေးမီးတောက်အကြီးကြီးမလာခင် မြို့ပြမှာ ရသလောက်မီးပွားလေးတွေချထားတာပဲ။ ကျွန်တော်တို့အင်အားနဲ့ စစ်ကောင်စီကိုမျက်နှာချင်းဆိုင်ပြီး ဘာမှလုပ်မရသေးဘူး။ မာတဲ့နေရာကိုရှောင်ပြီး ပျော့တဲ့နေရာကိုလုပ်နေရတာ။ နောင်လည်းဒီထက်ပိုလို့မရဘူး။ ဒါကအရှိတရားပဲ’’ လို့ ဆရာကျောင်းက ပြောပါတယ်။

‘’ရဲစခန်းတွေဗုံးခွဲတယ်၊ ကင်းစခန်းတွေခွဲတယ်။ စစ်ကောင်စီတပ်တွေရဲ့ ဘန်ကာတွေကိုလည်း ဖောက်ခွဲတယ်။ သွားနေတဲ့ယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာတွေလုပ်တယ်။ တပ်စခန်းတွေနားမိုင်းထောင်တာတွေလည်းလုပ်တယ်။ အဲဒီမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေသေဆုံးတာတွေလည်းရှိခဲ့တော့ ၂၀၂၂ တစ်ခုလုံးကိုခြုံပြောရရင် အောင်မြင်တယ်လို့ပြောနိုင်တယ်’’ လို့လည်း Yangon UG Associationရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဆရာကျောင်းက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ လက်ရှိပျော်ပွဲရွှင်ပွဲတချို့နဲ့ စိတ်ညစ်စရာ လူနေထိုင်မှုဘ၀တွေကြားမှာ ပြောက်ကျားစစ်ဆင်ရေးတွေအတွက် ပြောက်ကျားရဲဘော်တွေရဲ့ အ ခြေအနေတွေကတော့ လူးသာလွန့်သာ ရှိမနေပါဘူး။ အရေးကြီး လုပ်ဆောင်စရာတွေအတွက် ပိုက်ဆံလိုတဲ့အခါ မစ်ရှင်ကိုလည်း မဖျက်ပစ်ချင်တော့ အတော်ကို ကြိုးစားပြီး ပိုက်ဆံရှာရ၊ ရှိသမျှအခြေအနေကနေ အကောင်းဆုံး၊ အထိရောက်ဆုံး တိုက်ခိုက်နိုင်ဖို့ လုပ်ရဆိုတာတွေနဲ့ နပန်းလုံးနေကြရတာပါပဲ။

‘’မြို့ပြတော်လှန်ရေးအရှိန်မြှင့်ဖို့ကတော့ လက်နက်မပြောနဲ့။ ကျွန်တော်တို့လိုအဖွဲ့လေးတွေက ယမ်းတောင်မနည်းရှာနေရတာ။ ပြည်သူတွေရဲ့ထောက်ပံ့မှုကတော့ ရတာလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ပြောနေကျစကားလို့ပေါ့။ မသာအိမ်ဖြစ်နေရင်တောင်ဖဲနိုင်တဲ့လူကပျော်နေတာပဲ’’ လို့ Generation Y Guerilla - GY G အဖွဲ့က မြို့ပြပြောက်ကျားလူငယ်က MCIJ ကို ပြောပါတယ် ။

စစ်ကောင်စီကတော့ ရန်ကုန်ဟာ ပုံမှန်ဖြစ်နေပြီဆိုတဲ့သတင်းစကားကိုပေးဖို့ကြိုးစားပါတယ်။ ဒီလိုလုပ်တာဟာအောင်မြင်တယ်လို့မြင်လားလို့မေးတဲ့အခါမှာ “ရန်ကုန်မှာ အခုဆိုရင်အင်အားတွေ အများကြီးသုံးပြီးဆောင်ရွက်နေရပြီ။ ဒါတွေက အမြတ်လို့ပြောလို့ရတယ်။ နောက်ကျောတွေမလုံကြဘူး ။ စကစနဲ့ပေါင်းတဲ့သူတွေလည်း နောက်ကျောမလုံဘူး။ အရင်က လင်ခရူဆာစီးနေတဲ့လူက အခု ပရိုဘောက်စ်ပြောင်းစီးတာမျိုး။ ကျွန်တော်တို့မှာအောင်မြင်မှုတွေအများကြီးပဲ” လို့ NUG မြို့ပြစစ်ဆင်ရေးတာဝန်ရှိသူက တုံ့ပြန်ပါတယ်။

အာဏာသိမ်းချိန်ကစလို့ တဖြည်းဖြည်းပုံစံပြောင်းလဲလာရတဲ့ နွေဦးတော်လှန်ရေးပြယုဂ်တွေထဲမှာ မြို့ပြပြောက်ကျားရဲဘော်တွေရဲ့ အခန်းကဏ္ဍဟာ ကြီးကြီးမားမား ပါဝင်နေပါတယ်။ အသက်နဲ့ရင်းရသလို ဖမ်းမိရင် သေလောက်အောင် အနှိပ်စက်ခံရမယ်ဆိုတဲ့ အသိနဲ့ သူတို့ နောက်ဆုံးအချိန်လို သတ်မှတ်ပြီး စစ်ဆင်ရေးလုပ်နေကြတာလည်းဖြစ်ပါတယ်။

ကိုချမ်းငြိမ်းသူလည်းအရင်က အစားအသောက်ပို့တဲ့ ဘ၀ကနေ စစ်ကောင်စီကို ဆန့်ကျင်တဲ့ မြို့ပြမစ်ရှင်တွေမှာ ကျည်ဆန်တွေ၊ ဗုံးတွေ ပို့ဆောင်ရတာတွေ လုပ်ခဲ့ရပါပြီ။

“သေရမှာကြောက်တာပေါ့။ ပြေးနေရင်း နေရာတစ်ခုမှာ ခဏပုန်းခိုခွင့်ရတော့ ဖုန်းထဲက ချိတ်ဆက်ထားတာတွေအကုန်ဖျက်ရတယ်။ ဆက်စပ်တဲ့လူတွေကို သတိပေးရတယ်။ သေပြေးရှင်ပြေးပါပဲ” လို့ ကိုချမ်းငြိမ်းသူက ပြောပါတယ်။

ဒါပေမယ့် သူ့ရဲ မြို့ပြပြောက်ကျားတော်လှန်ရေးခရီးကတော့ ဆက်နေဆဲပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly