အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာကာလအတွင်း စစ်ကောင်စီက ပိုင်ဆိုင်မှုပေါင်း ၇၀၀ ကျော်ကို ချိပ်ပိတ်ထား

By ရွှေနွယ်( မဇ္ဈိမ )
25 April 2023
အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာကာလအတွင်း စစ်ကောင်စီက ပိုင်ဆိုင်မှုပေါင်း ၇၀၀ ကျော်ကို ချိပ်ပိတ်ထား

စစ်ကောင်စီသည် အာဏာစတင်သိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍၊ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နှစ်နှစ်ကျော်ကြာကာလအတွင်းတွင် မြန်မာနိုင်ငံအနှံ့မှ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၏ ပိုင်ဆိုင်မှုများနှင့် နေအိမ်များ စုစုပေါင်း ၇၅၁ ခုကို ချိပ်ပိတ်သိမ်းဆည်းခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင်ထုတ်ပြန်သည်။

အဆိုပါ ချိပ်ပိတ်သိမ်းဆည်းမှုများသည် မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ အရပ်သားပြည်သူ ၆၃၆ ဦး၏ ပိုင်ဆိုင်မှုများဖြစ်ပြီး ထိုအထဲတွင် လွှတ်တော်အမတ် အယောက် ၃၀၀ ၏ ပိုင်ဆိုင်မှုများပါဝင်ကြောင်း ဖော်ပြထားသည်။

ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းခံရသူများ၏ ၄၇ ရာခိုင်နှုန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD )နှင့်ဆက်စပ်သူများဖြစ်သည်ဟု ဖော်ပြထားပြီး၊ PDF ကိုထောက်ပံ့ခြင်း၊ ဆက်နွယ်ခြင်းများရှိသည်ဟု ဆိုကာ ချိပ်ပိတ်သိမ်းယူခဲ့သည့် ပိုင်ဆိုင်မှုပေါင်း ၁၁၀ ပါဝင်ကြောင်းသိရသည်။

အဆိုပါ ချိပ်ပိတ်သိမ်းဆည်းခံရသောပိုင်ဆိုင်မှုများသည် ဆိုင်ပေါင်း ၄၂ ဆိုင်၊ စီးပွားရေးလုပ်ငန်း ၁၄ ခု၊ ခြံမြေ ၁၄ ခြံ၊ အဆောက်အဦနှင့်ရုံးခန်း ၁၂ ခု၊ ဆေးရုံနှင့်ဆေးခန်း ၁၀ခု၊ စားသောက်ဆိုင် ၁၇ ဆိုင်၊ စာသင်ကျောင်း ငါးကျောင်း၊ တည်းခိုခန်း ဟိုတယ် လေးလုံးနှင့် ဘာသာာရေးအဆောက်အဦ နှစ်ခုတို့ဖြစ်သည်။

ချိပ်ပိတ်သိမ်းဆည်းခံရမှုများသည် စစ်ကိုင်းတိုင်းတွင်အများဆုံးဖြစ်ပွားခဲ့ပြီး ပိုင်ဆိုင်မှုပေါင်း ၁၅၉ ခုကို ချိပ်ပိတ်သိမ်းဆည်းထားပြီးဖြစ်ကြောင်း AAPP ၏ထုတ်ပြန်ချက်အရ သိရသည်။

AAPP မှ စုဆောင်းကောက်ယူထားသည့် စာရင်းများအရ ချိပ်ပိတ်သိမ်းဆည်းမှုများသည် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံအားပေးမှုကြောင့် ပစ္စည်းဥစ္စာပိုင်ဆိုင်သူကို စစ်အုပ်စုက ဖမ်းဆီးရန်ရည်ရွယ်ခြင်း သို့မဟုတ် လက်တွေ့အမှန်တကယ်ဖမ်းဆီးခြင်းတို့နှင့် စပ်လျဉ်း၍ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly