ဘီးလင်းတွင် စစ်တပ်မီးရှို့သွားသည့်အိမ်ထဲ၌ လူအရိုးနှင့်တူသော အရိုးများတွေ့

By YT  ( မဇ္ဈိမ)
25 April 2023
ဘီးလင်းတွင် စစ်တပ်မီးရှို့သွားသည့်အိမ်ထဲ၌ လူအရိုးနှင့်တူသော အရိုးများတွေ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ အလယ်ပိုင်းရှိ စစ်ကောင်စီတပ်က မီးရှို့သွားသည့် နေအိမ်တစ်လုံးထဲတွင် လူအရိုးနှင့်တူသော အရိုးများ တွေ့ရကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။

ဧပြီလ ၂၃ ရက်နေ့တွင် အလူးလေးကျေးရွာအနီးတစ်ဝိုက်၌ တိုက်ပွဲအခြေအနေ အေးနေ၍ အလူးလေးကျေးရွာအတွင်းသို့ပြန်လာသော ဒေသခံများက မီးရှို့ခံရသော နေအိမ်များအတွင်း ဝင်ကြည့်ရာမှ မီးရှို့ခံထားသော မရွှေရည်​ဆိုသူ​၏ နေအိမ်အတွင်းတွင် ထိုအရိုးများအား တွေ့ခဲ့ခြင်းဖြစ်သည်။ 

မရွှေရည်​၏ နေအိမ်သည် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင် အလူးလေးကျေးရွာအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်​၏ မီးရှို့ခြင်းခံခဲ့ရသည့် အလူးလေးကျေးရွာ အလယ်ပိုင်းမှ ဒေသခံနေအိမ် သုံးလုံးထဲမှ နေအိမ်တစ်လုံး ဖြစ်သည်။

" မီးရှို့ခံရတဲ့ မရွှေရည်ရဲ့ အိမ်ထဲမှာတွေ့တာ။ အလူးလေး ရွာထဲမှာရော မရွှေရည်ရဲ့အိမ်သားတွေထဲမှာပါ ပျောက်နေတဲ့သူမရှိပါဘူး" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အလူးလေးကျေးရွာမှ ဒေသခံတစ်ဦးကမူ ယခုတွေ့ရသော အရိုးများသည် ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်​​၏ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးခြင်းခံရသည့် စစ်တပ်မှ ဆေးပင်စင်ဖြင့် အနားယူထားသူ အလူးကြီးကျေးရွာနေ စစ်မှုထမ်းဟောင်း ဦးစန်းဝင်းဆိုသူ ဖြစ်နိုင်ကြောင်း ဆိုသည်။ 

" အရိုးတွေဟာ အလူးကြီးရွာက ဦးစန်းဝင်းဖြစ်မယ်လို့တော့ ယူဆပါတယ်။ အဲ့နေ့က ဘီးလင်းကိုငွေလွှဲသွားတုန်း စစ်ကောင်စီတပ်က ဖမ်းလိုက်တာ" ဟု ထိုဒေသခံက ပြောသည်။ 

ဒါ့အပြင် ဘီးလင်းမြို့နယ်အတွင်းလှုပ်ရှားနေသော People Guard Force​ ၏ တာဝန်ခံ ဗိုလ်တလွဲကလည်း မီးရှို့ခံရသော နေအိမ်အတွင်း အရိုးများတွေ့ရသည်မှာ မှန်ကန်ကြောင်း၊ အရိုးများတွေ့စဉ်က ထိုအရိုးများ​၏ အနီးအနားတွင် ထူးခြားမှုများမတွေ့ရကြောင်း၊ ပျောက်နေသော ရွာသားတစ်ဦးရှိသော်လည်း အရိုးများ​၏ ပိုင်ရှင်သည် မည်သူမည်ဝါမှန်း မသေချာသေးကြောင်း ဆိုသည်။ 

" လက်ရှိမှာတော့ ဘယ်သူဘယ်ဝါမှန်း မသိသေးတော့ ကျွန်တော်တို့ပြောလို့မရသေးပါဘူး။ သတင်းကတော့ လိုက်နေတုန်းပါခင်ဗျ" ဟု ဗိုလ်တလွဲက မဇ္ဈိမကိုပြောသည်။ 

ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သော Kyaikhto Information Team က စစ်ကောင်စီတပ်သည် နေအိမ်သုံးလုံးအား မီးရှို့စဉ်က လူတစ်ယောက်ကိုပါ မီးထည့်ရှို့ခဲ့ကြောင်း၊  မီးရှို့ခံထားရသည့် လူအရိုးစု​ဘေးတွင် သွေးကွက်များရှိနေပြီး ထိုလူအား ဖမ်းခေါ်လာသည့် လမ်းတစ်လျှောက်တွင်လည်း သွေးစွန်းရာများ၊ သွေးကွက်ရာများ အထင်အရှား ရှိနေသည်ဟု ဒေသခံများကပြောဆိုကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ 

အလူးကျေးရွာအုပ်စုအတွင်း ယခုရက်ပိုင်း၌ တိုက်ပွဲအခြေအနေ အေးနေသော်လည်း စစ်ကောင်စီတပ်က နေရာအနှံ့တွင် ကင်းပုန်းများ လိုက်လံချထားကြောင်း၊ နီးစပ်ရာ ကျေးရွာများမှ ဒေသခံများအား သတင်းပေးပို့ရန် ပြောဆိုနေကြောင်း ဗိုလ်တလွဲထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required