တက်ကြွလှုပ်ရှားသူများ ကန့်ကွက်နေသော်လည်း တရုတ်တွင် ကိုယ်တွင်းအင်္ဂါအဓမ္မထုတ်ယူခြင်းများ ဆက်ဖြစ်ပွားနေ

တက်ကြွလှုပ်ရှားသူများ ကန့်ကွက်နေသော်လည်း တရုတ်တွင် ကိုယ်တွင်းအင်္ဂါအဓမ္မထုတ်ယူခြင်းများ ဆက်ဖြစ်ပွားနေ

တရုတ်နိုင်ငံတွင် ဆရာဝန်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်နေသော်လည်း ကိုယ်တွင်းအင်္ဂါအဓမ္မထုတ်ယူခြင်းများ ရှိနေဆဲဖြစ်ကြောင်း Voices Against Autocracy (VAA) သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဆရာဝန်များသည် လူနာများ၏ ဦးနှောက်မသေမီမှာပင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို ထုတ်ယူခြင်းဖြင့် သတ်ပစ်သည့်ဖြစ်စဉ် ၇၁ ခုထက်မနည်းရှိကြောင်းနှင့် အသက်ရှင်နေသူထံမှ ကိုယ်တွင်းအင်္ဂါမယူရဟူသော စည်းမျဉ်းကို ဖောက်ဖျက်ကြောင်း ဒေါက်တာမက်သရူးရောဘတ်ဆင်နှင့်ဒေါက်တာ ဂျက်ကော့လာဗီးတို့က အစားထိုးကုသခြင်းဆိုင်ရာအမေရိကန်ဂျာနယ်တွင် ၂၀၂၂ က ရေးသားခဲ့သည်။

တရုတ်နိုင်ငံတွင် သက်ရှိထင်ရှား အကျဉ်းသားများထံမှ ကိုယ်တွင်းအင်္ဂါထုတ်ယူခြင်းကို ၁၉၇၀ ပြည့်နှစ်များအလွန်မှ စတင်ခဲ့သော်လည်း ကျန်ဇီမင်းအာဏာရလာချိန် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း တစ်နိုင်ငံအတိုင်းအတာဖြင့် လုပ်ဆောင်လာခဲ့သည်။ ဖာလုံဂေါင်အယူဝါဒအား တရုတ်ကွန်မြူနစ်ပါတီအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ်ယူဆကာ ကျန်ဇီမင်းသည် ၁၉၉၅ ခုနှစ် ဇူလိုင်မှစ၍ အမြစ်ဖြတ်ရေးလှုပ်ရှားမှုကို စတင်ကာ ဖာလုံဂေါင်အယူအဆကို ကိုးကွယ်ယုံကြည်သူများ၏ ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူကြရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

“တရုတ်ကွန်မြူနစ်ပါတီဟာ အစားထိုးခွဲစိတ်ဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေရယူဖို့ အပြစ်မဲ့ပြည်သူတွေ အဓိအားဖြင့် ဖာလုံဂေါင်အယူအဆကျင့်သုံးသူတွေကိုသာမက ဝီဂါနဲ့ တိဗက်လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ခရစ်ယာန်ဘာသာဝင်တွေကိုလည်း ရွေးချယ်လေ့ရှိပါတယ်” ဟု အာရှ-ပစိဖိတ်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေးဗစ်ကီဂိုနှင့် လူ့အခွင့်အရေးရှေ့နေ ဒေးဗစ်မာတက်စ်တို့က တွေ့ရှိချက်များကို ပြောကြားခဲ့ပြီး လန်ဒန်အခြေစိုက် စုံစမ်းစစ်ဆေးရေးသတင်းထောက် အီသန်ဂတ်မန်းတို့က ကိုးကားချက်ပေါင်း ၂၄၀၀ ဖြင့် Bloody Harvest အမည်ရှိ စာမျက်နှာ ၆၈၀ ပါ အစီရင်ခံစာကို ၇ နှစ်ကျော်အချိန်ယူကာ ရေးသားခဲ့သည်။

တရုတ်တွင် လူများသေဆုံးပြီးနောက် ရုပ်အလောင်းများကို ထိန်းသိမ်းထားသည့် ယဉ်ကျေးမှုအစဉ်အလာရှိသောကြောင့် တရုတ်လူနာများအတွက် အသည်းအသန်လိုအပ်နေသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို ရယူသည့်နေရာနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်လာသည်။

တခြားနိုင်ငံများတွင် ကိုယ်တွင်းအင်္ဂါအစားထိုးကုသရန် ယေဘုယျအားဖြင့် လ သို့မဟုတ် နှစ်နှင့်ချီ၍ စောင့်ဆိုင်းကြရသော်လည်း တရုတ်သည် ရက်ပိုင်း သို့မဟုတ် သီတင်းပတ်ခန့်မျှပင် စောင့်ရကာ တစ်ခါတစ်ရံ ခွဲစိတ်မှုများလုပ်ဆောင်ရာတွင် သက်ရှိလူများထံမှပင် ပိုလျှံကိုယ်တွင်းအင်္ဂါများကို ရယူကြသည်။

ထို့ပြင် အကျဉ်းထောင်တာဝန်ရှိသူများသည် ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်ကုသခများကို ဆေးရုံများနှင့် အညီအမျှခွဲယူကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဖာလုံဂေါင်အဖွဲ့ဝင်များကို ဖိနှိပ်သော လုံခြုံရေးအေဂျင်စီသည် ဖြစ်စဉ်တစ်ခုလုံးကို လျှို့ဝှက်ပေးရမည့် တာဝန်ရှိပြီး ဆေးရုံမှတ်တမ်းအားလုံးမှ အကျဉ်းသားများ၏အချက်အလက်များကို ဖျောက်ဖျက်ပစ်ကြကြောင်း VAA က ဖော်ပြသည်။

ကိုယ်တွင်းအင်္ဂါထုတ်ယူခြင်းနှင့်ပတ်သက်၍ တရုတ်ဝါဒဖြန့်အဖွဲ့က အမြဲတစေငြင်းဆိုခဲ့ပြီး ၂၀၁၀ ခုနှစ်က ပြည်နယ် ၁၉ ခုတွင် ပထမဆုံးအကြိမ်အဖြစ် စေတနာအလျောက် ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုစနစ်ကို တည်ထောင်ခဲ့သည်။

တရုတ်သည် ဖာလုံဂေါင်အယူဝါဒ ကျင့်သုံးသူ သန်း ၁၀၀ နီးပါးကို စတင်နှိပ်ကွပ်ခဲ့သည်မှာ မျိုးဆက်တစ်ခုထက်မနည်းရှိပြီဖြစ်သည်။ ကိုယ်တွင်းအင်္ဂါအလှူရှင်များ နည်းပါးလာသောကြောင့် ရှင်ကျန်းပြည်နယ်ရှိ လူနည်းစု ဝီဂါမွတ်စလင်များကို ပစ်မှတ်ထားလာကြသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဖောက်သည်များအနေဖြင့် ဆေးကုသမှုအတွက် တရုတ်နိုင်ငံကို ရွေးချယ်မည်ဆိုပါက ဟာလာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ရနိုင်သည့်အကြောင်း တရုတ်ဆေးရုံများက ကြော်ငြာဗီဒီယိုများပင် ပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly