မန္တလေးတွင် မီးလာချိန်မရှိသလောက်နည်းသွားပြီးနောက် တစ်မြို့လုံးနီးပါး သုံးရေပြတ်လပ်

By 007 (မဇ္ဈိမ)
25 April 2023
မန္တလေးတွင် မီးလာချိန်မရှိသလောက်နည်းသွားပြီးနောက် တစ်မြို့လုံးနီးပါး သုံးရေပြတ်လပ်

မန္တလေးမြို့တွင် သင်္ကြန်အပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွားပြတ်တောက်မှု ဖြစ်ရာမှ တစ်မြို့လုံးနီးပါး သုံးရေပြတ်လပ်မှုနှင့်ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“မီးက သင်္ကြန်အပြီးမှာ တအားကြီးအခြေအနေဆိုးသွားတယ်။ တချို့ရက်တွေမှာ ၂၄ နာရီလုံးလုံး လုံးဝကို မလာတော့တာမျိုးအထိရှိတယ်။ အဲဒီမှာ ရေပါပြတ်သွားတာ။ ဧပြီ ၂၀၊ ၂၁၊ ၂၂၊ ၂၃ အဲဒီရက်တွေမှာ ရေလုံးဝကို မရတော့ဘူး။ မြစ်နားနီးသူက မြစ်ထဲရေဆင်းချိုးတယ်၊ အများစုကတော့ လူမှုရေးအသင်း တွေက ရေလာလှူတာကို စောင့်ယူကြတယ်။ အဲဒါ ဒီရက်ထဲ မန္တလေးကရေဘေးဒုက္ခအခြေအနေပဲ”  ဟု မြို့ခံတစ်ဦးက ပြောသည်။

ဧပြီလ ၁၈ ရက်နေ့နောက်ပိုင်းမှစ၍ မန္တလေးနန်းတွင်းမှအပ မန္တလေးတစ်ခရိုင်လုံးတွင် လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွား ရွားပြတ်တောက်မှုဖြစ်ခဲ့ပြီး တစ်နေ့လျှင်တစ်နာရီဝန်းကျင်ခန့်ပင် မီးမရရှိသည့်ရက်များလည်း ရှိကြောင်း ဒေသခံများကဆိုသည်။

လျှပ်စစ်ဓာတ်အား လုံးဝနီးပါးမရတော့သည့်အခြေအနေ၏ နောက်ဆက်တွဲအဖြစ် တစ်မြို့လုံးနီးပါး နေရာ အနှံ့အပြားတွင် သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်။

“မီးမလာတော့ စက်ရေတွင်းတွေလည်း အခက်အခဲဖြစ်တယ်၊ မော်တာနဲ့ရေတင်ရသူတွေ အခက်အခဲဖြစ် တယ်။ အထပ်မြင့်နေသူတွေ အကုန်ဒုက္ခရောက်ကုန်တယ်။ မန္တလေးမှာက အဲဒီလိုတွေက အများဆုံးရှိတာ ဆိုတော့ တစ်မြို့လုံးနီးပါးပါပဲ နေရာတော်တော်များများမှာ ရေလုံးဝပြတ်နေပြီ” ဟု မြရည်နန္ဒာအိမ်ရာ တွင် နေထိုင်သူတစ်ဦးက ပြောသည်။

သုံးရေပြတ်လပ်မှုကြောင့် ပြည်သူလူထုကြုံတွေ့နေရသည့် အခက်အခဲနှင့်ပတ်သက်၍ မြို့ခံပရဟိတလူမှု ကူညီရေးအသင်းများက နေ့စဉ်ရေဂါလံသောင်းနှင့်ချီပြီး လှည့်လည်ကူညီပေးနေကြကြောင်း၊ သို့ရာတွင် လိုအပ်ချက်နှင့် လုပ်ပေးနိုင်စွမ်းမမျှသဖြင့် ၎င်းတို့လည်း ခြေကုန်လက်ပမ်းကျနေကြကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ဒီရက်ထဲ ရေကားတစ်စီးလောက် မရရအောင်ရှာပြီး ရေအလှူထွက်နိုင်ဖို့ ကြိုးစား နေတယ်။ အခုက အသင်းတွေအနေနဲ့က တစ်ရက်ကို ဂါလံသောင်းနဲ့ချီပြီး လှည့်ပေးနေပေမယ့်လည်း Demand နဲ့ Supply မမျှဘူးဖြစ်နေတယ်၊ အခုဆို ညဘက်တွေမှာပါ ရေလိုက်ဝေနေရပြီ” ဟု လုံခြုံရေး အရအမည်မဖော်လိုသည့် လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

Photo CJ

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly