ရက်ရှည်တိုက်ပွဲဖြစ်လာသည့်အတွက် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေကြောင်း မန္တလေး PDF ပြော

By KMN (မဇ္ဈိမ)
24 April 2023
ရက်ရှည်တိုက်ပွဲဖြစ်လာသည့်အတွက် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေကြောင်း မန္တလေး PDF ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၅ ရက်မှ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်များနှင့် ၁၈ ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရက်ရှည်တိုက်ပွဲဖြစ်လာသည့်အတွက် လက် နက်ခဲယမ်းလိုအပ်ချက်ရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပြန်ကြားရေးတာဝန်ခံ က ပြောကြားသည်။

“တိုက်ပွဲကြာလာတော့ စိတ်ရောလူပါ ပင်ပန်းတာတွေရှိတယ်။ ရန်သူဘက်က လေကြောင်းပစ်ကူ၊ လက် နက်ကြီးပစ်ကူ အလွန်အကျွံသုံးတဲ့အခါမျိုးမှာ ကတုတ်ကျင်းထဲမှာနေရာယူပြီး ပြန်တိုက်ခိုက်ခဲ့ရတယ်။ ရာသီဥတုက မနက်ပူညအေးကြားမှာ ပိုပင်ပန်းတယ်၊ လက်နက်ခဲယမ်း အကန့်အသတ်ရှိတာရယ်၊ ရန်သူ့ လက်နက်ကြီးကို တန်ပြန်နိုင်တဲ့လက်နက်မရှိတာကလည်း အတော်လေးအခက်အခဲရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က မဇ္ဈိမကိုပြောသည်။

ဧပြီလ ၅ ရက်မှ ၂၂ ရက်နေ့အထိ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အစပ်ဒေသများတွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ၁၈ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအဆင့် ဒုတိယဗိုလ်မှူးကြီး အပါအဝင် အများ အပြားသေဆုံးခဲသလို PDF ရဲဘော် ၁၁ ဦးကျဆုံးခဲ့ပြီး ဧပြီလ ၂၃၊ ၂၄ ရက်များ၌ တိုက်ပွဲ ပြန်ငြိမ်သက် သည့်အနေအထားရှိကြောင်း ၎င်းကပြောသည်။

၁၈ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အင်အား ၉၀၀ နှင့် ၁၀၀၀ ကြားရှိခဲ့ပြီး ခလရ(၁၄၇)၊ ခလရ (၂၅၃)၊ ခလရ (၂၅၈)၊ ခမရ (၅၀၈)၊ အမတ (၂၀၆)၊ ခမရ (၄၁၉)၊ ခမရ (၁၄)၊ အင်အား(၄၀)ပါ စနိုက်ပါအထူးတပ်ဖွဲ့နှင့်ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများတွင် တစ်နေ ကုန်ရင်ဆိုင်တိုက်ခိုက်ရသော တိုက်ပွဲကြီး လေးကြိမ်နှင့် တိုက်ပွဲငယ်(၁၈)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်အခြေပြုတပ်စွဲထားသည့် ခလရ(၁၄၇) စခန်းကုန်းသို့ နံနက် ၃ နာရီ ခန့်တွင် ချဉ်းကပ်ခဲ့ပြီး စစ်ကောင်စီတပ်သားများက စခန်းကုန်းကို စွန့်ခွာထွက်ပြေးခဲ့ကြောင်း၊ စခန်းကုန်း ရှိ PDF တပ်ဖွဲ့များအခြေပြုနေရာယူထားရာသို့ အိမ်စီးကားနှစ်စီး ရောက်ရှိလာ၍ တားမြစ်စစ်ဆေးရာ ရပ်မပေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာတွင် Toyota Corolla ကားပေါ်မှ ခလရ(၁၄၇)တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက်သေခံပစ္စည်းများနှင့်တကွ အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်နေ့မှာပင် နောင်ချိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ခလရ(၁၁၄)နှင့် ခလရ(၁၁၅)တို့အား ရှော့တိုက်ဒုန်းများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ(၁၁၄) တပ်ဝန်းအတွင်းကျရောက် ပေါက် ကွဲပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကာ ခလရ(၁၁၄) ဒုတပ်ရင်းမှူး သေဆုံးသည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ ခလရ(၁၄၇)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ခလရ (၂၅၈)မှ တပ်ခွဲမှူး ဗိုလ်ကြီးတစ်ဦးနှင့် ခလရ (၂၅၃)မှ တပ်ခွဲမှူး ဗိုလ်ကြီးတစ်ဦးအပါအဝင် ရန်သူ့တပ် သား (၁၀၀)ဦး ဝန်းကျင် သေဆုံးခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဧပြီလ ၂၃ ရက် နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သား ၁၀၀ ဦးခန့်သေဆုံးသည်ဆိုခြင်းနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။

၁၈ ရက်တာ နောင်ချိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ Yak 130 ၊ MiG 29 ၊ SU 30 ၊ K8W အမျိုးအစား လေယာဉ်များ၊ Mi 35 ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု (၃၃) ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူအနေဖြင့် (၆၀)မမ ၊ (၈၁)မမ ၊ (၁၂၀) မမ ၊ (၁၅၅)မမ များ အလွန်အကျွံ အသုံးပြုခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး များကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပျက်စီးမှုများပြားကာ အရပ်သားခုနစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အချို့ ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ထံမှ MA3 သုံးလက် ၊ 5.56 ကျည်အများအပြား ၊ 9 မမ ကျည် အတောင့် ၂၀ ၊ ၆၀ မမ ကျည် ၁၀ လုံး နှင့် အခြား ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ပုံစာ - နောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ်အစပ်ဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ သိမ်း ဆည်းရရှိခဲ့သည့် လက်နက်ပစ္စည်းများ။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးPDF

#ရက်ရှည်တိုက်ပွဲ

#လက်နက်ခဲယမ်းလိုအပ်ချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly