နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ ဧပြီ ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ ဧပြီ ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အစပ်တွင် ဧပြီ ၅ ရက်မှ ၂၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း အပါအဝင် စစ်တပ်ဘက်မှ ၁၀၀ ဦးဝန်းကျင်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ 

  • နိုင်ငံတကာအနေဖြင့်  မြန်မာပြဿနာကိုဖြေရှင်းလိုလျှင် ပြည်သူလူထု၏သဘောထားကို မဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်ကြောင်း   NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်မှုနှင့် ပတ်သက်ပြီး မဇ္ဈိမသို့  ပြောသည်။ 

  • မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်၊ ပညာရေး စသည့် ကဏ္ဍများ အပါအဝင် ကဏ္ဍအားလုံး နိမ့်ကျယိုယွင်းလာသည်ဟု ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဧပြီ ၂၀ ရက်က ကုလသမဂ္ဂအစည်းအဝေးတွင် ပြောသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့တွင် ရှိသည့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို ဧပြီ ၂၀ ရက်ကနေ ၂၄ ရက်ထိ အကြမ်းဖက် စစ်တပ်က မီးရှို့မှု နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ မရသိမ်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ တောမကျေးရွာများအနီးကို ဧပြီ ၂၄ ရက်၊ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး မြေပြင် ကြည်းတပ်များကလည်း ကျေးရွာများကို မီးတင်ရှို့ နေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဧပြီ ၂၄ ရက်တွင် ဖက်ဆစ် စစ်တပ်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင် မြောက်ခြမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၂၄ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအနီး လေးတွင်းစင်ရွာတွင် ဧပြီ ၂၂ ရက်က တစ်နေကုန်နီး ပါးဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၅ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ ၊တာဝန်ခံကပြောသည်။ 

  • ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (CID) ရုံးတွင် ဧပြီ၂၃ ရက်၊ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆိုပါနေရာအနီးသို့ လာရောက်စစ်ဆေးသည့် စစ်ကောင်စီ တပ်သားများအား အဝေးထိန်းမိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း YGN Urban Guerrilla Army (YUGA) က ယနေ့ ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ 

  • ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ CID မှုခင်းတပ်ဖွဲ့ရုံး နှင့် ရွာမ ရဲစခန်းအနီးတို့တွင် ယမန်နေ့ ညပိုင်းက ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ပြီး မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း နှင့် မြောက်ဒဂုံတို့တွင်လည်း ဗုံးများ ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ခရမ်း PDF တပ်ဖွဲ့ဝင်ခြောက်ဦးသည် ဧပြီ ၂၂ ရက်က ဧည့်စာရင်းစစ်ရာမှ တစ်ဆင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရကြောင်း PDF Khayan ခေါင်းဆောင် ကိုမီးပွားက မဇ္စျိမသို့ ပြောသည်။ 

  • ရန်ကုန်မြို့တွင် တော်လှန်လူငယ်များက မီးမလာသည့် စစ်ကျွန်ဘဝကို တော်လှန်ကြရန် ယပ်တောင်သပိတ်ကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်တွင်း အနောက်ရွာကို ဧပြီ ၂၄ ရက်၊ နံနက် ၇ နာရီခန့်က အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း မြိုင်မြို့-နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ဇီးတော ကျေးရွာ၊ သပြေအေးကျေးရွာများကို ဧပြီ ၂၄ ရက်၊ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်များနှင့် ပျူစောထီးများက မီးတင်ရှို့လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • မကွေးတိုင်း၊ ရေစကြို မြို့မရဲစခန်းကို ဧပြီ ၂၃ ရက်က PDF တပ်များက ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့ နယ်၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့-ပကဖ၊ မိုးကြိုးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းရွာသား ကိုဖိုးထောင်ကို ဧပြီ ၂၃ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းတွင် သွေးသောက်တံဆိပ် ချိတ်ဆွဲခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ဧပြီ ၂၃ ရက်၊ မွန်းလွဲပိုင်းက စကြဝတေးမင်းကြီး သပိတ်ကော် မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ဝဲရစ်ကျေးရွာမှ အမျိုးသား ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်ပုံကျေးရွာရှိ စစ်မှုထမ်းဟောင်းထောက်လှမ်းရေး ဇော်လင်းကို ဧပြီ ၂၁ ရက်၊ ညနေ ၆ နာရီခန့်က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်မြို့ ဗဟိုမဏ္ဍပ်ဆောက်လုပ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးစောဂျက်၏ ဒုတိယဇနီး နှင့် မိတ်ဆွေတစ်ဦးတို့ ဧပြီ ၂၃ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါရွာနှင့် ကုန်းမြင့်သာယာရွာကြားတွင် ဧပြီ ၂၃ ရက်၊ ညနေပိုင်းက အကြမ်းဖက် စစ်ကား ၃ စီးဖြင့် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် CDM ပြုလုပ်ထားသော ကရင်နီပြည်ရဲများ ဦးဆောင် ဖွဲ့စည်းထားသည့် KSP အဖွဲ့နှင့် ကျေးလက်မြေ အဖွဲ့တို့ ပူးပေါင်းကာ ဒေသပြည်သူများ နှင့် တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် UG family အဖွဲ့က ဦးဆောင်ကာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ရရှိရေး အလှူငွေ လိုက်လံ ကောက်ခံခဲ့ကြောင်း သိရသည်။ 

  • ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့၊ ဂင်မဲချီလ်အမ်းယဉ်ကျေးမှုစင်တာ (Gimhae Chilam Cultural Center) တွင် ဒရိုက်တာ ကိုပေါက်၏ “ရောင်နီလာရာလမ်း” ရုပ်ရှင်ပြသရာ လက်မှတ်အားလုံး ရောင်းကုန်ခဲ့သည့်အပြင် ထိုင်ခုံမဲ့ လက်မှတ်များပါ ရောင်းချခဲ့ရသည့်အထိ ပရိသတ်များ တခဲနက် အားပေးခဲ့ကြောင်း သိရသည်။ 

  • မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုပြီး ဆိုးဆိုးရွားရွားလုပ်ဆောင်နေသောကြောင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများကနေ ထွက်ခွာတော့မည်ဟု ဆွစ်ဇာလန်နိုင်ငံအခြေစိုက် AFRY ကုမ္ပဏီက ကြေညာလိုက်သည်။ 

  • အကြမ်းဖက်စစ်ကောင်စီက အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ခြင်းရပ်တန့်ရန် အပါအဝင် မြန်မာ့အရေး အဖြေရှာရန် အချက်များ ပါဝင်သည့် ကုလသမဂ္ဂ  လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အကောင်အထည် ပေါ်လာရေး ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်း  ၅၄၆ ဖွဲ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အိပ်ဖွင့်ပေးစာပေးပို့လိုက်ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်တပ် မယ်စိထာဂိတ်စခန်းကို KNU တပ်မဟာ ၁ နှင့် တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၄ ရက်၊ နံနက် ၄ နာရီခွဲခန့်က တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး လက်နက်များ ရရှိကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ အတွင်းရှိ ကျေးရွာများကို ဧပြီ ၂၂ ရက်၊ ညနေပိုင်းက အကြမ်းဖက် စစ်တပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်ရာ စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း CDF - မင်းတပ်မှ တာဝန်ရှိသူတစ်ဦးက​ ပြောသည်။ 

  • မင်းတပ်မြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် လက်နက်ကြီး ဘေးရန်မှကာကွယ်နိုင်ရန်နှင့်ထိခိုက်မှု နည်းပါးစေရန်အတွက် သတိဖြင့်နေထိုင်ပေးကြရန် မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထပ်မံ အသိပေးလိုက်သည်။ 

  • ကရင်နီဒေသတွင် ကရင်နီပူးပေါင်းတပ်များ နှင့် အကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့များအတွက် မရှိမဖြစ်လိုအပ်သည့် ပွိုင့် 5 ကို ဝယ်ယူရန် “ကရင်နီ ပွိုင့်5 project” ကမ်ပိန်း အစီအစဉ်ကို လုပ်ဆောင်နေပြီ ဖြစ်သည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က အသိပေး ထုတ်ပြန်လိုက်သည်။ 

စစ်ကောင်စီ 

  • ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် ဧပြီ ၂၃ ရက်၊ ညနေပိုင်းက နေပြည်တော်သို့ ရောက်ရှိလာပြီး ဘန်ကီမွန်း နေပြည်တော် လာရောက်ရန်  အချိန်ယူ စီစဉ်ဖိတ်ကြား ခဲ့ကြောင်း စစ်ကောင်စီဘက်က သိရသည်။ 

  • ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ဧပြီ ၁၃ ရက်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု တွင် အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင်သည် ဦးခေါင်းထဲသို့ ဗုံးစ ဝင်ရောက်သည့် ဒဏ်ရာ ဖြင့် သေဆုံးခဲ့ပြီး ယင်းသေဆုံးမှုသတင်းကို မဖြန့်ရန် စစ်တပ်က တားမြစ် ပိတ်ပင်ထားကြောင်း စစ်ဘက် အသိုင်းအဝိုင်း၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ဧပြီလဆန်းမှ စတင်ကာ ပြည်တွင်း၌ ကိုဗစ်ရောဂါကူးစ က်မှု မြင့်တက်လာသည့်အတွက် ကိုဗစ် (၁၉) မျိုးဗီဇပြောင်းပိုး XBB.1.16 ကို ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာန က အသိပေးထားသည်။ 

  • ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦး တွေ့ရှိရကြောင်း စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၂၃ ရက်၊ ညပိုင်းက သတင်းထုတ်ပြန်သည်။ 

  • ဧပြီ ၂၄ ရက်မှ မေ ၁ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၆၈၀ ကျပ်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။ 

ဧပြီ ၂၄ ရက် သုံးသပ်ချက် 

  • စစ်တပ်သည် လွယ်လွယ်နှင့်တိုင်းပြည်ကို အုပ်ချုပ်၍ရမည် အထင်ဖြင့် နိုင်ငံအာဏာကို လုယူလိုက် သော်လည်း တကယ်တမ်း နှစ်နှစ်ကျော်သည် အထိမအုပ်ချုပ်နိုင်ဘဲရှိနေသည်။ယင်းကြောင့် စစ်တပ် သည် ထွက်ပေါက်ရလမ်းရှိလိုရှိငြား ယခင်က အသုံးပြုခဲ့ဖူးသည့် နည်းလမ်းအတိုင်း ကြိုးစားလာသည်ကို တွေ့ရသည်။ 

  • ရှမ်း နှင့် ကရင်တွင် စစ်ကောင်စီ တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး မဟာမိတ် အဖွဲ့များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အထိနာသေဆုံးမှုများပြားကာ စစ်တပ်အရာရှိကြီးများပါ သေဆုံးမှုများလာသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly